သံတွဲ ၁၂ ဒီဇင်ဘာ
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ် သံတွဲမြို့ရှိ ဒွါရာဝတီခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သုံးနှစ်တာ ကာလအတွင်း ဒေသဖွံ့ဖြိုးရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် အဂတိတရား ရှင်းရှုင်းဖြင့် ဆောင်ရွက်နေမှုနှင့် ဒေသ၏အခက်အခဲများ၊ လိုအပ်ချက်များ၊ အကြံပြုတင်ပြချက်များကို ပွင့်ပွင့်လင်းလင်းတင်ပြကြရန် ပြောကြားသည်။
ထို့နောက် သံတွဲခရိုင်အုပ်ချုပ်ရေးမှူးက ဘဏ္ဍာနှစ်အလိုက် ဘဏ္ဍာငွေရရှိမှုအပေါ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများနှင့် လာမည့်ဘဏ္ဍာနှစ်တွင် ရရှိလာမည့် ဘဏ္ဍာငွေအပေါ်မူတည်ပြီး လျာထားလုပ်ဆောင်မည့် စီမံကိန်းများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒေသခံပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ သောက်သုံးရေရရှိရေး၊ ဈေးအသစ် တည်ဆောက်ပေးရေး၊ ငါးဖမ်းလုပ်သားများအတွက် နည်းပညာပံ့ပိုးပေးရေးနှင့် ငပလီမြို့စည်ပင်သာယာရေး ကော်မတီတစ်ခု ဖွဲ့စည်းပေးရေးကိစ္စရပ်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာကဏ္ဍအလိုက် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်သည် သံတွဲခရိုင်ပြည်သူ့ဆေးရုံကြီးရှိ ဓာတ်မှန်စက်အတွက် လိုအပ်သော ဓာတ်မှန်ဖလင်များဝယ်ယူရန် ထောက်ပံ့ငွေကျပ် ၁၀ သိန်း၊ ငပလီ အ.ထ.က ရှိ သန့်စင်ခန်းများပြုပြင်ရန် ထောက်ပံ့ငွေကျပ် ၁၀ သိန်းတို့ကို တာဝန်ရှိသူများထံ ပေးအပ်သည်။
မော်စီ၊ ကိုမင်း