သံတွဲ ၈ သြဂုတ်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များသည် သြဂုတ် ၇ ရက်တွင် သံတွဲမြို့ ဒွါရာဝတီခန်းမ၌ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ သဘာဝဘေးကြောင့် ပျက်စီးမှုများအတွက် ထောက်ပံ့ငွေများပေးအပ်သည်။
တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ယခုတွေ့ဆုံပွဲသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးပေးကြစေလိုကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ဒေသဖွံ့ဖြိုးရေးဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေ လုံလောက်စွာရရှိရေး၊ လမ်းတံတားနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်အောင် အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုခရီးစဉ်တွင် ရခိုင်ပြည်နယ်၏ ပညာရည်မြင့်မားရေးနှင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးတို့အတွက်ပါ တွေ့ဆုံဆွေးနွေးမှုများလည်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုကိုကြည့်လျှင် မြို့နယ်တိုင်း လိုလိုတွင် မြို့ပေါ်သာမက ကျေးလက်များတွင်မှာပါ ကျေးရွာချင်းဆက်လမ်း၊ တံတားများကောင်းမွန်နေပြီးဖြစ်ကြောင်း၊ ထူးခြားချက်တစ်ခုအနေဖြင့် ရခိုင်ပြည်နယ်၌ ၂၀၁၉-၂၀၂၀ တွင် ကျေးရွာများအပါအဝင် ၅၆ ရာခိုင်နှုန်း မီးလင်းနေပြီဖြစ်ပါကြောင်း၊ မာန်အောင်မြို့နယ်တစ်ခုသာ ဆောင်ရွက်ဆဲဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်ရမည့်ကဏ္ဍများကို ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် သံတွဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သန်းက သံတွဲမြို့နယ်၌ သုံးနှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် တက်ရောက်လာသော ဒေသခံပြည်သူများက ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းတံတားများ ကောင်းမွန်ရေး၊ ဆည်မြောင်းနှင့် သိမ်းဆည်းခံလယ်ယာမြေယာကိစ္စ စသည့် ဒေသအတွက် လိုအပ်ချက်များကို တင်ပြကြရာ သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က သံတွဲခရိုင် ပြည်သူ့ဆေးရုံကြီးအတွင်း သဘာ၀ဘေးကြောင့် ပျက်စီးမှုများပြုပြင်ရန် သဘာဝဘေးရန်ပုံငွေမှ ငွေကျပ် ၁၉ သိန်း ငါးသောင်း၊ သံတွဲမြို့ အခြေခံပညာ အထက်တန်းကျောင်းခွဲ(မြို့မ) လျှပ်စစ်မီးတတ်ဆင်ရန်အတွက် ငွေကျပ် (၁၀) သိန်းနှင့် သံတွဲမြို့နယ် ဥယျာဉ်ကွင်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းဆောင်အတွက် သွပ်ပြားများကို ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူကြသည်။
တင်မောင်လွင်၊ တင်ထွန်း(ပြန်/ဆက်)
ဓာတ်ပုံ-ကံထွန်း


