ဂွ၊  ၃၁  ဇန်နဝါရီ

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် ပြည်နယ်လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး၀န်ကြီး ဦးအောင်ကျော်ဇံ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာတို့နှင့်အတူ ယနေ့ နံနက် ၉ နာရီခွဲက ဂွမြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ စီမံကိန်းလုပ်ငန်းများ ပတ်သက်၍ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်ပြီး၊ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဒေသဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်ပြီး အဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထင်ဇော်ဦး က ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုကိုလည်းကောင်း၊ မြို့နယ်စီမံကိန်း ရေးဆွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မြင့် က ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများက လိုအပ်ချက်များအား ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားသည်။

 

mdn

 

၎င်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂွချောင်းတံတား တည်ဆောက်နေမှု စီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၂)၊ တံတားအထူးအဖွဲ့ (၈) မှ စီမံကိန်းတာဝန်ခံက တံတားအရှည် (၁၃၉၈' ၉") ရှိ ဂွချောင်းတံတား ၄၅% ပြီးစီးနေမှု အခြေအနေများ၊ တံတားအရှည် ၃၀၀ ပေရှိ ကျောက်ပါးစပ်တံတား ၉၂% ပြီးစီးနေမှု အခြေအနေ၊ ပေ ၂၀၀ အရှည်ရှိ ဒေါင်းချောင်းတံတား (ပေါက်တူးကွင်း) တံတားတည်ဆောက်နေမှုတို့အား ရှင်းလင်းတင်ပြပြီး၊ သံတွဲခရိုင် လမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာ စောမြတ်ခိုင် က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်/ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ၁၅၄၆ မီတာရှိ ဂွချောင်း တံတားချဉ်းကပ်လမ်းဆောင်ရွက်မှု အခြေအနေတို့အား ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းဆောင်ရွက်နေများမှုနှင့် ပတ်သက်၍ ဖြည့်စွက်လမ်းညွှန် မှာကြားသည်။

 

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကျေးငူကျေးရွာအုပ်စု၊ ချမ်းသာကျေးရွာတွင် လျှိုပိတ်ဆည် တည်ဆောက်မည့်လုပ်ငန်း တည်နေရာအား သွားရောက်ကြည့်ရှုခဲ့ရာ ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူများက လျှိုပိတ်ဆည် တည်‌ဆောက်မည့် အခြေအနေအား လည်းကောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက ရေပိုက်သွယ်တန်းမည့် လုပ်ငန်းများအားလည်းကောင်း၊ ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် သံတွဲခရိုင်အုပ်ချုပ်ရေးမှူးတို့က မြေယာဆိုင်ရာ ကိစ္စရပ်များအား တင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂွချောင်းတံတား ချဉ်းကပ်လမ်း လုပ်ငန်းဆောင်ရွက်နေမှုနှင့်  ဂွချောင်းတံတား - မကျေးငူဘက်ကမ်း ကမ်းကပ်ခုံ တည်ဆောက်နေမှုနှင့် ပေ ၁၀၀ အရှည် ယက်မတန်းများ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ရွှေရည်ဝင်း(ပြန်/ဆက်)