တောင်ကုတ် ၃၁ ဇန်နဝါရီ
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး၀န်ကြီး ဦးအောင်ကျော်ဇံ၊ ပြည်နယ်စည်ပင်သာယာရေး၀န်ကြီး ဦး၀င်းမြင့်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာတို့နှင့်အတူ ဇန်နဝါရီ ၃၀ ရက် နံနက် ၉ နာရီခွဲက တောင်ကုတ်မြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်ခန်းမ၌ စီမံကိန်းလုပ်ငန်းများပတ်သက်၍ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်ပြီး အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဒေသဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်ပြီး အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးစောမင်းသူက စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ အားနည်းချက်၊ အားသာချက်များကို လည်းကောင်း၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဆန်းမြင့်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများကို လည်းကောင်း ရှင်းလင်းတင်ပြပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်မှု တင်ပြချက်များအပေါ် ဖြည့်စွက်မှာကြားကာ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်နှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်မြို့နယ် သံတွဲ-တောင်ကုတ်လမ်းပေါ်ရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ သံတွဲမြို့နယ် သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရေဝပ်ဧရိယာအတွင်း ကျရောက်သည့် ရေကောက်ကျေးရွာအုပ်စု၊ ပုရစ်ကျေးရွာနှင့် မယ်ဝကျေးရွာတို့အား ပြောင်းရွှေ့နေရာချထားနိုင်ရေး ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး လိုအပ်သည်များအား ဖြည့်စွက်လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ် - သံတွဲ - ဂွ လမ်းတစ်လျှောက် လမ်းလုပ်ငန်းဆောင်ရွက်နေသည့် ဒေသခံလမ်းလုပ်သား ၁၀၀ ကျော်အား သောက်ရေသန့်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ခဲ့ကာ ကျန်းမာရေးကောင်မွန်ရေး ဂရုစိုက်ဆောင်ရွက်ရန် လမ်းညွှန်အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
စန်းဝင်း(ပြန်/ဆက်)


