စစ်တွေ မတ် ၁၈
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ၂၀၂၆ ခုနှစ် နွေရာသီလူငယ်ရေးရာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် အဖွဲ့ဝင်များနှင့်အတူ ဓညဝတီအားကစားခန်းမ၌ ပိုက်ကျော်ခြင်းသင်တန်း ဖွင့်လှစ်သင်ကြားနေမှုကိုလည်းကောင်း၊ စစ်တွေခရိုင် ပညာရေးမှူးရုံး ပညာရောင်ခြည်ခန်းမ၌ ရှေးဦးပြုစုခြင်း သင်တန်းဖွင့်လှစ်သင်ကြားနေမှုနှင့် သင်တန်းသူများက ရှေးဦးပြုစုခြင်း ဆောင်ရွက်နေမှုကို လည်းကောင်း၊ ကွန်ပျူတာ တက္ကသိုလ် (စစ်တွေ)၌ AI နည်းပညာသင်တန်း ဖွင့်လှစ်သင်ကြားနေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှု အားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က သင်တန်းသား သင်တန်းသူများအား အားပေးစကားပြောကြားကာ ချီးမြှင့်ငွေများ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် လုပ်ငန်း ကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက ကော်မတီအလိုက် ယခင်နှစ် ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ယခုနှစ် ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်း တင်ပြကြရာ ပြည်နယ်ဝန်ကြီးများနှင့် တက်ရောက်လာသူများက ဖြည့်စွက်ဆွေးနွေးကြပြီး တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်သုံးသပ် ဆွေးနွေးကာ နိဂုံးချုပ်အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဖောင်တော်ကြီးဆိပ်ကမ်း၌ ရန်ကုန်မြို့မှ စစ်တွေမြို့သို့ MV-ရဲထွန်းအောင် ရေယာဉ်ဖြင့် ရောက်ရှိလာသော လယ်ယာသုံးစက်ကိရိယာများ အတင်အချပြုလုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)
ဓာတ်ပုံ-ဝင်းမင်းစိုး


