ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲတက်ရောက်

စစ်တွေ ဖေဖော်ဝါရီ ၅

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ စာတိုက်ကြီးအနီး ကမ်းနားလမ်း၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြိုင်ပွဲဝင်ရောက်မည့် ကျောင်းသား၊ ကျောင်းသူနှင့် ပြိုင်ပွဲဝင် အားကစားသမားများက နေရာယူကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အမျိုးသား ပြိုင်ပွဲဝင်များအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဆွေဆွေမြတ်က အမျိုးသမီးပြိုင်ပွဲဝင်များအားလည်းကောင်း သေနတ်ပစ်ဖောက်အချက်ပေးကာ တာလွှတ်ပေးသည်။ 

ဆက်လက်၍ အားကစားသမားများသည် ကမ်းနားလမ်းစာတိုက်ကြီးအနီးမှ ကမ်းနားလမ်းအတိုင်း စစ်တွေဗျူးပွိုင့်၊ စစ်တွေဟိုတယ်ကမ်းခြေအထိ၊ ထိုမှတစ်ဆင့် စတင်တာလွှတ်သည့် စာတိုက်ကြီးရှေ့သို့ ပြန်လည်ပန်းဝင်ကြသည်။ ထိုသို့ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူအား ကစားသမားများ ပြန်လည်ပန်းဝင်ကြစဉ် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုအားပေးကြသည်။

ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ အမျိုးသား မီနီမာရသွန်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော အားကစားသမားများအား ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းကလည်းကောင်း၊ အမျိုးသမီးမီနီမာရသွန်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော အားကစားသမားများအား ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဆွေဆွေမြတ်က လည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက် နှစ်သိမ့်ဆုရရှိကြသော အားကစားသမားများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆုရရှိသော အားကစားသမားများနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကူးကြသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၇၆)နှစ်မြောက် မီနီမာရသွန်ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး အားကစားသမား ၈၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)