စစ်တွေ စက်တင်ဘာ ၁၀
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပြုလုပ်သည့် ညဈေးဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၉ ရက် ညနေပိုင်းက စစ်တွေမြို့၊ ကမ်းနားလမ်းနှင့် အကောက်ရုံလမ်းဆုံ၊ သံပုရာသီးခွဆုံ၌ ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း တက်ရောက်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ညဈေးတန်းတွင် ဈေးဆိုင်တန်းများ ဖွင့်လှစ်ရောင်းချနေမှုအား လှည့်လည်ကြည့်ရှုအားပေးကြပြီး ညဈေးဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ် ယဉ်ကျေးမှူးအဖွဲ့နှင့် ရခိုင်အဆိုင်တော်များမှ ကပြဖျော်ဖြေ သီဆိုနေမှုအား ကြည့်ရှုအားပေးကြသည်။
စစ်တွေမြို့၊ ညဈေးတန်းကို စစ်တွေမြို့တွင်း အဓိကလမ်းများ၌ ကျူးကျော် ဈေးရောင်းချနေသူများကြောင့် မြို့သန့်ရှင်းသာယာလှပရေးကို ထိခိုက်မှုမရှိစေရန်၊ လမ်းဘေးဈေးရောင်းချသူများ၏ စားဝတ်နေရေး အဆင်ပြေစေရန်၊ မြို့နယ်ပြည်သူလူထုအတွက် လိုအပ်သည့် ညဈေးတန်းတစ်ခု စနစ်တကျဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ညဈေးတန်းကို ဆိုင်ခန်းပေါင်း (၈၃)ခန်းဖြင့် စတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး ဈေးစည်ကားလာမှုအပေါ် မူတည်၍ လိုအပ်ပါက တိုးချဲ့နေရာချထားနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည် ဖြစ်သည်။
အဆိုပါညဈေးတန်းတွင် အစားအသောက်ဆိုင်ခန်း (၂၀)ခန်း၊ မုန့်ပဲသရေစာဆိုင်ခန်း (၃၃)ခန်း၊ လူသုံးကုန်ပစ္စည်းဆိုင်ခန်း (၂၄)ခန်းနှင့် အခြားအထွေထွေဆိုင်ခန်း (၁၀)တို့ကို နေရာသတ်မှတ်ပေးကာ ရောင်းချလျက်ရှိကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)