စစ်တွေ ဇူလိုင် ၁၄
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာများသို့ ကွင်းဆင်းပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့နယ် ငတောက်တက်ကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်းခွဲ၌ ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ၊ ရပ်ရွာ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန်လာရောက်ခြင်းဖြစ်ကြောင်း၊ မုန်တိုင်းအလွန်တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲက ပြန်လည်ထူထောင်ရေး ကိစ္စများနှင့် ပတ်သက်၍ လမ်းညွှန်မှာကြားထားပါကြောင်း၊ စားရေရိက္ခာဖူလုံရေးသည် အဓိကဖြစ်ကြောင်း၊ အမိုးအကာအောက် ရောက်ရှိရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ပတ်သက်ပြီး လစ်ဟင်းမှုမရှိစေရေးတို့ကို မှာကြားခဲ့ပါကြောင်း၊ မှာကြားချက် များအပေါ် အကောင်အထည်ဖော်ရန် ပြည်နယ်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ ကိုယ်တိုင်အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိခြင်းကြောင့် အချိန်တိုအတွင်းမှာပင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များကိုလည်း ဖြန့်ဝေပေးထားပြီး ဖြစ်ကြောင်း၊ ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် ကြိုးစားလုပ်ဆောင်ကြစေလိုကြောင်း၊ မိမိတို့ရပ်ရွာအတွက် ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး စသည့်ကဏ္ဍများနှင့်ပတ်သက်သည့် လိုအပ်ချက်များကို ပွင့်ပွင့်လင်း ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးများက ရခိုင်ပြည်နယ်အတွင်း မိမိတို့ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျေးရွာသူ၊ ကျေးရွာသားများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကားများပြောကြားပြီး သီးစုံဒံပေါက်များ ဝေငှပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျားမသောက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံ၍ ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ရှင်းလင်း ဆွေးနွေးပြောကြားပြီး သီးစုံဒံပေါက်နှင့် စားသောက်ဖွယ်ရာများ ဝေငှပေးကြသည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ သဘာဝ ဘေးပြန်လည်ထူထောင် ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)