စစ်တွေ ဇန်နဝါရီ ၂၈

 

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်သည့် ရေဆင်းစပ်မျိုး - ၁ နေကြာသီးနှံ ဖြည့်စွက်ဝတ်မှုန်ကူးပွဲနှင့် မတ်ပဲသီးနှံ ယူရီးယား၊ လက်ချား ရောစပ်အသုံးပြုခြင်း လက်တွေ့ကွင်းပြပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်၊ စံပြစိုက်ကွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူလယ်သမားများ တက်ရောက်ကြသည်။

 

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက တောင်သူများအား ဟင်းသီးဟင်းရွက်မျိုးစေ့နှင့် ပညာပေးစာအုပ်များအား ပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်ကြည်ဝင်းက ၂၀၂၄-၂၀၂၅ ခုနှစ်၊ စစ်တွေမြို့၏ ဆောင်းသီးနှံစိုက်ပျိုးမှု အခြေအနေများနှင့် ရေဆင်းစပ်မျိုး - ၁ နေကြာသီးနှံမျိုးစေ့ထုတ်စိုက်ခင်း ဖြည့်စွက်ဝတ်မှုန်ကူးခြင်း၊ မတ်ပဲသီးနှံ ယူရီးယား၊ လက်ချားသုံးစွဲခြင်းတို့အား ရှင်းလင်းတင်ပြပြီး စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက အနောက်စံပြရပ်ကွက်၊ စံပြစိုက်ကွင်း လယ်မြေ (၆)ဧကအား အဆင့်မြင့်လယ်ယာ ဖော်ထုတ်မည့် အစီအစဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

 

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးပြီး အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်ရာတွင် သတ်မှတ်စံချိန်စံညွှန်နှင့်အညီ ရေသွင်း၊ ရေထုတ်မြောင်းများ၊ ကုန်ထုတ်လမ်းများဖြင့် စနစ်တကျ ဖော်ထုတ်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက နေကြာသီးနှံမျိုးစေ့ထုတ် (၁)ဧကစိုက်ခင်းတွင် ဖြည့်စွက်ဝတ်မှုန်ကူးခြင်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကြရာ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် စိုက်ပျိုးရေးပညာရှင်များက ဝတ်မှုန်ကူးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးကျေးဇူးများနှင့် အထွက်နှုန်း ကောင်းမွန်မှုရှိခြင်းတို့ကို လိုက်လံရှင်းလင်းပြသကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မတ်ပဲသီးနှံစံပြကွက် (၄)ဧက စိုက်ခင်းအတွင်း ယူရီးယား၊ လက်ချားရောစပ်ကာ ပက်ဖျန်းပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများအား ယူရီးယား၊ လက်ချားရောစပ်ခြင်းနှင့် ရရှိနိုင်သော အကျိုးကျေးဇူးများအကြောင်း လက်တွေ့သရုပ်ပြသခြင်းနှင့် ပညာပေးဆွေးနွေးခြင်း ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)