စစ်တွေ ဧပြီ ၂၆

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဧပြီ ၂၅ ရက် နံနက်ပိုင်းက ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်နှင့် စနဲမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရမ်းဗြဲမြို့နယ် ကုန်ဘောင်ကျေးရွာအုပ်စုတွင် ဆီထွက်သီးနှံ နေကြာ(၆၃)ဧကအား ချောင်းပိတ်ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးမည့် နေရာအားလည်းကောင်း၊ ခမောင်းခြေတိုင်ကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာတွင် အိမ်အရောက် ရေမီတာစနစ်ဖြင့် ရေပေးဝေနေမှုအားလည်းကောင်း၊ လယ်ကြီးပြင်ကွင်း မြို့ကွက်သစ် ဖော်ဆောင်ခြင်းစီမံကိန်းနေရာသို့ လည်းကောင်း  သွားရောက်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရမ်းဗြဲမြို့နယ် အထွေအထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ ရမ္မာဝတီခန်းမ၌ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မြို့နယ်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လူမှုရေးဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြပြီး မြို့မိ၊ မြို့ဖများနှင့် လုပ်ငန်းရှင်းများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏တည်ငြိမ် အေးချမ်းရေး၊ စားနပ်ရိက္ခာဖူလုံရေးအတွက် အဓိကထားဆောင်ရွက်နေကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား လုပ်ဆောင်နိုင်ရန်အတွက် ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးကို ယခင်ကထက်ပိုမိုပြီး ဦးစားပေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရရှိ လာသည်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြည်နယ်အတွင်းတည်ငြိမ်အေးချမ်းမှုကို ပိုမိုရရှိစေမည်ဖြစ်ကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဒေသခံများပူးပေါင်းပါဝင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်မှ ပြီးပြည့်စုံသည့် လုံခြုံမှုစနစ်တစ်ခုကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို တစ်ဘက်က ဆောင်ရွက်ယင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ရမ်းဗြဲမြို့နယ်သည် စိုက်ပျိုးရေး၊ မွေးမြူရေးအားကောင်းသော မြို့နယ်တစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် ယခင်ကထက် ပိုမိုအထွက်နှုန်းကောင်းမွန်နိုင်ရန်အတွက် မျိုးကောင်း၊ မျိုးသန့်များ ဖြန့်ဖြူးပေးပြီး စိုက်ပျိုးရေး ဦးစီးဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက တောင်သူများကို စည်းရုံးကာ စိုက်ပျိုးကြရန်လိုကြောင်း၊ မြို့နယ်အတွင်း စံပြစိုက်ကွက်များ စိုက်ပျိုးပြသရမည်ဖြစ်ကြောင်း၊ အလားတူ မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးချဲ့လုပ်ကိုင်ကြရန်လိုကြောင်း၊ မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ထုတ်ကုန်တစ်ခုထုတ်လုပ်နိုင်ရန် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ ထို့အတူ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများက ပူးပေါင်းပါဝင် လုပ်ကိုင်ကြရမည် ဖြစ်ကြောင်းနှင့် ရမ်းဗြဲမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့်ဒေသခံ ပြည်သူများအားလုံးက စည်းစည်းလုံးလုံးဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က လက်ဆောင်ပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ထို့နောက် ရမ်းဗြဲမြို့နယ်ခန်းမ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးကြရာ ခန်းမဆောင်သစ် ဆောက်လုပ်နေမှုနှင့်ပတ်သက်၍ တာဝန်ခံအင်ဂျင်နီယာက လိုက်လံရှင်းလင်းပြသသည်။ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်များနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး စေတနာထား ဆောင်ရွက်ကြရန်မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တံတားတည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၁၀) ရန်ကုန်-ကျောက်ဖြူလမ်း (မအီ-ကျောက်ဖြူ အပိုင်း) ပေါ်ရှိ စနဲပေါက် တံတားနှင့် လုံးတော်ပေါက်တံတား တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိပြီး ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးသက်ထွန်းက စနဲပေါက်တံတား တည်ဆောက်နေမှုနှင့် မအီ-ကျောက်ဖြူ အပိုင်းရှိ တံတားများ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ အချိန်မှီပြီးစီးနိုင်ရေးနှင့် နိုင်ငံတော်မှခွင့်ပြုဘဏ္ဍာငွေများ အလေအလွင့်မဖြစ်စေရေး၊ အလေးအနက်ထားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြား၍ လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ရမ်းဗြဲမြို့နယ် သဇင်တန်ပေါက် တံတားအနီးရှိ ကယုကမာ၊ ကျောက်ငါးနှင့် ကဏန်းပျော့ မွေးမြူရေးလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စနဲမြို့၊ မြို့တော်ခန်းမ၌ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲသို့တက်ရောက်ကာ မြို့အုပ်ချုပ်ရေးမှူးက စနဲမြို့ဒေသဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြီး မြို့မိ၊ မြို့ဖများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးကြသည်။

ပြည်နယ်(ပြန်/ဆက်)