အောင်ကြည်မိုး(စစ်တွေ)
ရခိုင်တိုင်းရင်းသားလူမျိုးတို့၌ ရှည်လျားသောခေတ်ကာလကပင် စာပေယဉ်ကျေးမှု၊ အနုပညာလက်ရာများနှင့် ကိုယ်ပိုင်ယဉ်ကျေးမှုတို့ ထွန်းကားခဲ့ရာ၌ ဒုံးပညာသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ၁၆-ရာစု မြောက်ဦးခေတ်မှစ၍ ရခိုင်ဘုရင်များ ဆက်သွယ်ရေးကိရိယာတစ်ခုအဖြစ် ဒုံး-မီးပန်းများကို အသုံးပြုခဲ့ကြသည်ဟု သမိုင်းမှတ်တမ်းများအရ သိရှိရသည်။
ရခိုင်တိုင်းရင်းသားလူမျိုးတို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်သည့်အလျောက် မိမိတို့ ရပ်ကွက်၊ ကျေးရွာအလိုက် ကိုးကွယ်သော ဆရာတော်ကြီးများအား အလွန်လေးစား ကြည်ညိုကြသည်။ မိမိတို့ ကျေးရွာ၊ ရပ်ကွက်များ၌ ကိုးကွယ်သော ဆရာတော်များ ပျံလွန်တော်မူလျှင် အန္တိမဈာပန ဘုန်းကြီးပျံပွဲကို ချက်ချင်းမကျင်းပသေးဘဲ မပုပ်မသိုးရအောင် စီမံပြုလုပ်ထားပြီး ရုပ်ကလာပ်တော်ကို ယာယီကျောင်းဆောင်ဖြင့် ထားကြသည်။ တောရွာနေ တောင်သူများအဖို့ စပါးရိတ်သိမ်းပြီး ဝမ်းစာစပါးများ အိမ်ပေါ်ကျီထဲသို့ ရောက်ရှိချိန် တပို့တွဲ၊ တပေါင်းလ စပါးပေါ်ချိန်၊ ငွေရွှင်ချိန်အခါမှ ဆရာတော်၏ ကြွင်းကျန်သည့် ဥတုဇရုပ်ကလာပ်တော်အတွက် အန္တိမဈာပန ဘုန်းကြီးပျံပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပကြသည်။ ဘုန်းကြီးပျံပွဲကို ရခိုင်လူမျိုးတို့၏ အခေါ်အဝေါ်အရ ဒုံးပွဲဟု ခေါ်ဆိုကြသည်။
ထိုပွဲတွင် ဇာတ်ပွဲ၊ ရိုးရာကျင်ပွဲနှင့် ရိုးရာအကများဖြစ်သည့် ဟန်အက၊ တလားကပွဲ ၊ ဧယင်ကျူးပွဲ ၊ ယိမ်းကပွဲ စသည်များဖြင့် အမျိုးမျိုးသော အနုပညာတို့ဖြင့် ပူဇော်ကြသည်ကို ဒုံးပွဲဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ ဒုံးပွဲကို ရခိုင်လူမျိုးများ အထူးကြိုက်နှစ်သက်ပြီး တန်ဖိုးထားကြသည်။ မြန်မာစကားပုံတွင် ကြက်ပျံမကျ စည်ကားသည်ဟု စကားပုံရှိသလို ရခိုင်လူမျိုးတို့၌ ဒုံးပွဲတမျှစည်ကားသည်ဟု အဆိုရှိကြသည်။ ရဟန်းသံဃာတော်များ ပျံလွန်တော်မူလျှင် ဘုန်းကြီးပျံပွဲ (ခ) ဒုံးပွဲပြုလုပ်နိုင်ရန် ရခိုင်ပြည်နယ်ရှိ မြို့များတွင် ဒုံးတိုက်ကွင်းများကို မြို့ပြင်တွင် သီးသန့်ထားရှိကြသည်။
ဘုန်းကြီးပျံပွဲအား သုံးရက်တိုင်တိုင် ကျင်းပကြပြီး နောက်ဆုံးနေ့၌ ယမ်းများ ထည့်ထားသည့် ဒုံးသီးများဖြင့် ဆရာတော်၏ ရုပ်ကလာပ်တော်ထားရှိရာ မြေစိုက်စံကျောင်း ကို ဒုံးသီးများဖြင့် ဖြိုခွဲကာ မီးရှို့ပူဇော်ခြင်းကို ဒုံးပွဲဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ ဒုံးပွဲ ကျင်းပရာဝယ် ငွေကြေးကုန်ကျ များပြား ခြင်းကြောင့် ကျေးလက်ဒေသများတွင် နီးစပ်ရာ ကျေးရွာများမှ အလှူငွေထည့်ဝင် ကြရပြီး စုပေါင်းကျင်းပကြသည်။
ဒုံးတိုက်မည့်နေရာမှ မြေစိုက်စံကျောင်း သို့ ပေ ၁၈ဝ နီးပါး ရှည်လျားသော သံကြိုး၊ စတီးကြိုးများကို အသီးသီးတပ်ဆင်၍ ဒုံးသီး များကို အဆင်သင့်တင်ဆောင်ထားကြသည်။ ဦးစွာ မင်္ဂလာဒုံးတိုက်ရသည်။ ဒုံးကို မိမိ ကိုယ်တိုင် ပူဇော်နိုင်၏။ ဒုံးတစ်လုံး၏တန်ဖိုးမှာ ငါးထောင်မှ သိန်းဂဏန်းအထိရှိသည်။ ကိုယ်တိုင်တိုက်မည့်သူ မရှိပါမှ ဒုံးဆရာက အလှူရှင်များကိုယ်စား တိုက်ပေးသည်။
ဘုန်းကြီးပျံပွဲ (ခ)ဒုံးပွဲအတွက် ဒုံးသီး ပြုလုပ်ရန် ပွပါး၍ ကွဲစေခြင်းငှာ မလွယ်ကူစေ ရန် သစ်သား အညာဒေသတွင် သနပ်ခါး၊ ယမနေအပင်များကဲ့သို့ သစ်သားများကို ရှာကြံခုတ်ယူကြရသည်။ ယင်းသစ်သားကို အရှည် တစ်ပေ၊ နှစ်ပေနှင့် သုံးပေခန့်စသည့် အရွယ်အစားအတိုင်း လွှဖြင့်လှီးဖြတ်ကြရ သည်။ လှီးဖြတ်ထားသော သစ်သားများကို ညှပ်ခုံတွင်တင်၍ တစ်ကျပ်လွန်စူးဖြင့် တစ်ဖက် မှ တစ်ဖက်သို့ ထုတ်ချင်းပေါက်သွားအောင် ဖောက်ထွင်းကြရသည်။
ဖောက်ထားပြီးသော သစ်သားများကို ဓားဖြင့် ဒုံးသီးပုံပြုလုပ်၍ ဒုံးယမ်းကို ထောင်း ထည့် ကြရသည်။ ဒုံးယမ်းစိမ်း တစ်ပိဿာတွင် သရက်သားမီးသွေးမှုန့် လေးဆယ်သားနှင့် ကန့်မှုန့်အနည်းငယ် ရောထည့်ထောင်းရ သည်။ ယမ်းထည့်ပြီးနောက် မြေသားကို ကောက်ညှင်းထမင်းရည်နှင့်နယ်ကာ ထိုရွံ့စေး ဖြင့် ပိတ်ဆို့ရသည်။ စနက်တံသွင်းရန် အူတိုင် ထွင်း ခေါ် သံချောင်းဖြင့် အပေါက်ငယ်တစ်ခုကို တစ်ဖက်မြေသားထိတွေ့အောင် ဖောက်ထွင်း ကြရသည်။ ဒုံးပြုလုပ်ရာတွင် စနက်အခန်း သည် အလွန်အရေးကြီး၏။ (စနက်မပိုင် ဒုံးမကိုင်ရဟု ဆိုရိုးစကားရှိသည်) ဗိုင်းခြေကို ကြိုးကျစ်လျက် ယမ်းစိမ်းနှင့် ထမင်းရောပြီး ကြိုချက်၍ ရရှိလာသောအရည်နှင့် လိမ်းကျံ ကာ ခြောက်အောင် နေလှန်းထားရသည်။ မြေပြင်တွင် ပေါက်ကွဲစေသော ဒုံး၊ ဝေဟင်၌ ပျံထွက်ပေါက်ကွဲစေသော ဒုံး အားလုံး အတွက် ချိန်ဆက်ပြီး စနက်တံကို ချိန်တွယ် တပ်ဆင်ရသည်။ ဒုံးပြုလုပ်ဖို့ ယမ်းကို ကိုင်ဆောင်အသုံးပြုရန် ထောက်ခံချက်ကို ရယူကြရသည်။
ဒုံးတွင် ကြိုးတပ်ဒုံးနှင့် ကြိုးမဲ့ဒုံး ဟူ၍ နှစ်မျိုးရှိသည်။ ဒုံးတိုက်သောအခါ မြေပြင်သို့ ကြိုးတပ်ဆင်ပြီး တိုက်သောဒုံးကို ကြိုးတပ်ဒုံး ဟု ခေါ်သည်။ ကြိုးမပါဘဲ ဝေဟင်သို့ လွှတ်တင်သောဒုံးကို ကြိုးမဲ့ဒုံးဟု ခေါ်ကြ သည်။ ရိုးရိုးဒုံး ၊ မင်္ဂလာဒုံး ၊ ဒုံးပြန် စသည်တို့ ရှိသည်။ ဒုံးတစ်လုံးအောင်မြင်စွာ ပေါက်ကွဲ သွားလျှင် ပရိသတ်များမှ သောင်းသောင်း ညံအောင် အော်ပေးကြသည်။
ဒုံးပညာသည်ကား ရှေးအခါက ဆက်သွယ်ရေး ကိရိယာတစ်ခုအဖြစ် တွင်ကျယ်စွာ အသုံးပြုခဲ့ကြသလို ယခုအခါ ယဉ်ကျေးမှုကြည့်ရှုစရာ ပွဲတစ်ခုအနေဖြင့် ရိုးရာအစဉ်အလာမပျက် ကျင်းပနေကြသည့် ဒုံးပွဲအား ရခိုင်လူမျိုးများ စိတ်ဝင်စားနေကြဆဲ ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။