ကျင်အားကစားနည်းသည် ရခိုင်လူမျိုးတို့၏ ရိုးရာကစားနည်းတစ်မျိုးဖြစ်ပြီး ရှေးခေတ်အဆက်ဆက် ရခိုင်မင်းများ လက်ထက်ကပင် ဆင်းသက်လာသည့် အားကစားနည်း အတတ်ပညာ တစ်ရပ်လည်းဖြစ်သည်။ ရှေးရခိုင်မင်းများလက်ထက် ရခိုင်ရိုးရာကျင်ကိုင်ပွဲများကို မင်းညီလာခံ နန်းတွင်းသဘင်များ၌ ကျင်းပခဲ့ကြသည်။ ရခိုင်ရိုးရာကျင်အားကစားနည်းသည် ပြင်းပြင်းထန်ထန်၊ ထိုးကြိတ်၊ သတ်ပုတ်၊ ကန်ကျောက်ပြီး ပြိုင်ဘက်အား အနာတရဖြစ်စေသည့် အားကစားနည်း မဟုတ်ပါ။ မိမိတွင်ရှိသော ခွန်အားနှင့်အတတ်ပညာကို ပေါင်းစပ်ထားသော ကစားနည်းတစ်ခု ဖြစ်သည်။ ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ သျှစ်သောင်းဘုရားပုထိုးတော် လိုဏ်ဂူအတွင်း၌ ကျင်အားကစားနည်းကို ရုပ်လုံးရုပ်ကွင်းများဖြင့် ထွင်းထုထားသည်ကို ယနေ့တိုင် မြင်တွေ့နိုင်ရ၍ ကျင်အားကစားနည်းအတတ်ပညာသည် ရှေးခေတ်အဆက်ဆက် ရခိုင်မင်းများ လက်ထက်ကပင် ထင်ရှားသော ရခိုင်ရိုးရာအားကစားနည်းဖြစ်ခဲ့သည်။ ရခိုင်ရိုးရာအားကစားနည်းဖြစ်သော ကျင်ပွဲ ကို ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲနှင့် ဘုရားပွဲများတွင် စည်စည်ကားကား ထည့်သွင်းကျင်းပလျက် ရှိသည်။

 

ကျင်ပွဲကို ရွှေမောင်းတန်း၊ ငွေမောင်းတန်းဟူ၍ ခွဲခြားကျင်းပသည်။ ရွှေမောင်းတန်းသည် ပထမတန်းဟု ဆိုရပါမည်။ ငွေမောင်းတန်း၌ ဆုရရှိဖူးသူသည် ရွှေမောင်းတန်း၌ ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရရှိသည်။ ရွှေမောင်းတန်း၌ ဆုရရှိသူကို ရွှေစင်၊ ရွှေသား ဆုချီးမြှင့်သည်။ ငွေမောင်းတန်း၌ ဆုရရှိ သူကို ငွေမောင်းဆုနှင့် ငွေသားချီးမြှင့်ပေးသည်။ ယခုအချိန်တွင် ကျင်ပွဲများ ခေတ်နှင့်အညီတိုးတက် အောင် အသက်အရွယ်အလိုက် ကျင်အတန်းအစားများခွဲခြား၍ ကျင်းပလာကြသည်။

 

ကျင်ကိုင်ရာတွင် ကျင်သန်နှစ်ဦး ပါရှိရသည်။ ကျင်တွဲတစ်တွဲဟု သတ်မှတ်သည်။ ကျင် ကစားကွင်းကြီးလျှင် လေးငါးတွဲကို တစ်ပြိုင်တည်းကျင်းပကြသည်။ ကျင်ဒိုင်များသည် မိမိတို့ တာဝန်ယူထားသော ကျင်အတွဲပြိုင်နေသည်ကို ဂရုတစိုက်စောင့်ကြည့်ကြရသည်။ ကျင်ကစားသမား နှစ်ဦး မယှဉ်ပြိုင်မီ ပရိသတ်ကို ရှိခိုးအရိုအသေပြုပြီးမှ ကျင်ကွင်းထဲသို့ ဝင်ကြသည်။ ကျင်ကစား သမားများ ကျင်မကိုင်မီ ကျင်ဟန်ရေး သရုပ်ပြကြရသည်။ ကျင်ကစားသမားများ ကျင်ကစားကွင်းပေါ်၌ ကျင်ကိုင်စဉ် ဘောင်းဘီတိုဖြင့် ကျင်ကစားခွင့် မရရှိပါ။

 

ခန္ဓာကိုယ်အပေါ်ပိုင်းဗလာ ပုဆိုးကို ခါးတောင်းကျိုက်၍ ကြိုးဖြင့် စည်းထားကြရသည်။ ကျင်ကစားရာတွင် အဖမ်းနှင့် အခံရှိပြီး ဖမ်းလှည့်၊ ခံလှည့်ကို စည်းကမ်းအတိုင်း ကျင်ဒိုင်နှစ်ဦးက ခေါင်းပန်းလှန်၍ ဆုံးဖြတ် ပေးကြသည်။ ကျင်ကစားသမားတစ်ဦးက အဖမ်းဆိုလျှင် အခြားတစ်ဦး၏ လက်နှင့်ခန္ဓာ ကိုယ်ကို မိမိရရဆုပ်ကိုင်ဖမ်းနိုင်ရန်နှင့် အခံသမားကလည်း လက်နှစ်ဖက်ကိုမြှောက်ပြီး ခန္ဓာကိုယ်တောင့်တောင့်ထားကာ သတိဖြင့် အဖမ်းသမား၏ ကျင်ကွက်ကို ကြည့်နေရပြီး ရုန်းထွက်ခွင့်ရှိသည်။ အဖမ်းသမားက အခံကစားသမားကို လိမ်ကျစ်၍ အခံသမား မကျဘဲ ရုန်းထွက်လာနိုင်ပါက အဖမ်းသမားက ဖမ်းပြီး အခံသမားမြေပေါ်ကျသွားလျှင် အနိုင်အရှုံးကို ကျင်ဒိုင်များက သတ်မှတ်လိုက်ကြသည်။ ကျင်ကစားနည်းသည် အဖမ်းသမား၏ လုံးဖမ်းကိုင်တွယ်ခွင့်နှင့် အခံသမား၏ ခုခံကာကွယ်ခွင့် အတတ်ပညာများကို တီထွင် ဖန်တီးထားသည့် ရိုးရာကစားနည်းတစ်မျိုး ဖြစ်သလို သူတစ်လှည့်၊ ကိုယ်တစ်လှည့်၊ သူတစ်ပြန်၊ ကိုယ်တစ်ပြန် ကိုင်ခွင့်ပြုထားပြီး ပညာစွမ်းပြရသည့် အားကစားနည်းပညာ တစ်ရပ်လည်း ဖြစ်သည်။ ကျင်ဒိုင်များသည် ကျင်တွဲတစ်တွဲ ကစားပြီးတိုင်း အနိုင်အရှုံးကို ကျင်ပွဲဒိုင်ချုပ်အဖွဲ့သို့ တင်ပြရသည်။

 

ကျင်ကစားခြင်းဖြင့် လူငယ်များ၌ ကိုယ်ခန္ဓာကြံ့ခိုင်မှုရှိပြီး တက်ကြွမှုအားမာန်ကို ရစေသည်။ မိမိကိုယ်မိမိ အားကိုးယုံကြည်စိတ် မြင့်မားလာပြီး ဆုံးဖြတ်ချက်တစ်ရပ်ကို မှန်မှန်ကန်ကန် ခိုင်ခိုင်မာမာ ချမှတ်လုပ်ကိုင် ဆောင်ရွက်လိုစိတ်ခိုင်မြဲစေသည်။ အမျိုးသားရေး လက္ခဏာ အမျိုးဂုဏ်၊ ယဉ်ကျေးမှု ပါ်လွင် စေသည့် ရခိုင်ရိုးရာ ကျင်အားကစားနည်းကို လက်ဆင့်ကမ်း ထိန်းသိမ်းခြင်းအားဖြင့် ကျင်ကစားနည်း၏ ဂုဏ်ရည်၊ ရခိုင် တစ်မျိုးသားလုံး၏ဂုဏ်ရည် ပိုမိုတောက်ပြောင် လာနိုင်ပါကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။ ။

 

အောင်ကြည်မိုး(စစ်တွေ)