၂၂ စက်တင်ဘာ
မြန်မာနိုင်ငံအနောက်ဘက်ဒေသရှိ ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများနှင့်အတူ တိုင်းရင်းသား မျိုးနွယ်စုငယ်များ နေထိုင်လျက်ရှိပေသည်။ ဌာနဆိုင်ရာ စာရင်းဇယားများအရ ရခိုင်မျိုးနွယ်စုများအဖြစ် ရခိုင်၊ ခမီ၊ မြို၊ သက်၊ဒိုင်းနက်၊ ကမန်၊ မရမာဟူ၍ လူမျိုးစု ခုနစ်မျိုး ရှိပေသည်။ ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့ ပြည်နယ်ယဉ်ကျေးမှု ပြတိုက်တွင် ရခိုင်ပြည်နယ်ရှိ ရခိုင်မျိုးနွယ်စုဝင် တိုင်းရင်းသားခုနစ်မျိုးနှင့် ၎င်းတို့၏ အသုံးအဆောင်ပစ္စည်းများကို ခင်းကျင်းပြသထားသည်။
ယနေ့ နိုင်ငံတကာတွင် လူမျိုးတစ်မျိုးဟု သတ်မှတ်နိုင်ရေးအတွက် UNESCO (ကုလသမဂ္ဂ ပညာ၊ သိပ္ပံ၊ ယဉ်ကျေးမှု)အဖွဲ့က ၁။ တူညီသော သမိုင်းအစဉ်အဆက် ဖြတ်သန်းသယ်ဆောင်မှု (Common Historiacal Tradition) ၂။ ကိုယ်ပိုင်အမျိုးသားရေးလက္ခဏာ ( Ethnic (Racial ) Identity ) ၃။ ကိုယ်ပိုင်ယဉ်ကျေးမှု အမွေအနှစ်(Cultural Homogeneity )၊ ၄။ အညီအညွတ်ပြောဆိုသော ဘာသာစကား (Linguistic Unicity )၊ ၅။ ဘာသာတရား သို့မဟုတ် ကိုးကွယ်ယုံကြည်မှု (Religious (or) Ideological Affinity) ၊ ၆။ စုဖွဲ့နေထိုင်ရာ နယ်မြေဆက်စပ်မှု ပုံသဏ္ဌာန်(Terrorial Connection )၊ ၇။ တူညီသော စီးပွားရေးဘဝ (Common Economic Life )များ ရှိရမည်ဟု ဆိုပါသည်။
လူမျိုးအမည်နာမတစ်ခု ဖြစ်ပေါ်လာရာ၌လည်း ၁။ မိမိကိုယ်ကို ခေါ်ဆိုသောအမည်(Ego Name )၊ ၂။ သူတစ်ပါးက ခေါ်ဆိုသောအမည် (Exo Name )၊ ၃။ နေရာဒေသလိုက်ကာ ခေါ်သောအမည် (Logo Name )နှင့်၄။ အပြန်အလှန်ခေါ်သောအမည် (Alter Name ) ဟူ၍ရှိရာ စာရေးသူတို့ ခမီလူမျိုးများသည် ရှေးဘိုးဘေးဘီဘင် လက်ထက်ကတည်းက လက်ဆင့်ကမ်း သုံးနှုန်းလာခဲ့သည့် ခမီတေးအလင်္ကာ သမိုင်းရာဇဝင်ဝတ္ထု၊ ပုံပြင်အရသော်လည်းကောင်း၊ ယနေ့လက်ရှိ မိမိတို့မိခင်ဘာသာစကားဖြင့် မိမိကိုယ်ကို ခေါ်ဝေါ်သုံးနှုန်းလျက်ရှိသော “ခမီ” (Khamme ) ဟူသည့် လူမျိုးအမည်နာမကိုသာ ခမီလူမျိုးတို့က နှစ်သက်လက်ခံကြသည်။
စာရေးသူတို့ ခမီလူမျိုးများအား ခမီ၊ ခမီး၊ခမွီး၊ ခမွေ၊ ခမွှေး၊ ခူမီ၊ ခေမီ၊ မြို၊ တောင်သား၊ချင်း ဟု အမျိုးမျိုး ရေးသားခေါ်ဝေါ်ခြင်းကိုပြုကြ၏။ မိမိတို့ အချင်းချင်းမှာမူကား “ခမီ” ဟူ၍သာ ခေါ်ဆိုသုံးနှုန်းကြသည်။ ခမီဟူသော ဝေါဟာရသည် ခွတ်မု - ခွတ်မီ - ခမီဟု အဆင့်ဆင့် ပြောင်းလဲလာခြင်းဖြစ်သည်။ ၎င်းကို ခမီလူမျိုးတို့၏ ခမီရိုးရာ တေးအလင်္ကာများတွင် တွေ့ရသည်။ ခွတ်မု=ကမ္ဘာဦး နေလမထွက်ပေါ်မီ အမှောင်ဂူ ကမ္ဘာလောကဟု အဓိပ္ပာယ်ရပြီး ခွတ်မီ=ကမ္ဘာဦးကာလ နေလမထွက်ပေါ်မီ အမှောင်ဂူကမ္ဘာ လောကလူသားဟု အဓိပ္ပာယ်ရသည်။ ဝင်/ခွတ် သည်ရွာ/ဂူတွင်း အဓိပ္ပာယ်ရပြီး မီ-သည် ခမီအလင်္ကာဘာသာစကား လမီဟူသော စကားမှဖြစ်၍ လူသားဟု အဓိပ္ပာယ်ရသည်။
ထို့ကြောင့် ခမီဟူသည်မှာ ကမ္ဘာဦးလူသားသို့မဟုတ် ဂူနေလူသားဟု အဓိပ္ပာယ်ရပေသည်။ ထို့ကြောင့် ခမီလူမျိုးတို့သည် ယနေ့အချိန်အထိ မိမိတို့၏ မိခင်ဘာသာစကားဖြင့် လူမျိုးအမည်ပြောကြလျှင် မန်ယီ ခမီယီ/ကတ်ယီ ခမီယီ (ငါတို့ခမီလူမျိုးတွေ)ဟုသုံးနှုန်းလေ့ရှိကြသည်။
ဆင်းသက်လာပုံသမိုင်းကြောင်း
ခမီလူမျိုးတို့သည် တိဗက်-မြန်မာ မျိုးနွယ်စုဝင် ဘာသာစကားကို ပြောဆိုသော ချင်း၊ကချင်အုပ်စုတွင် ပါဝင်သည်။ ရှေးဟောင်း စာပေအထောက်အထားများအရ တိဗက်မြန်မာတို့ နေထိုင်ခဲ့ဖူးသော ရှေးဟောင်း နေရပ်သည် ယခုတရုတ်နိုင်ငံ မြစ်ဝါမြစ် အညာပိုင်းဖြစ်မည်ဟု ခန့်မှန်းကြသည်။ ဘီစီ ၁၁ရာစုခန့်တွင် တိဗက်-မြန်မာတို့သည် အုပ်စုနှစ်စုကွဲသွားသည်။ ကော်ကော်နိုရ်ပင်လယ်ပြာအိုင်ကြီး၏ အနောက်ဘက်နှင့် အနောက်တောင်ဘက်သို့ ပျံ့နှံ့သွားသော အုပ်စုကိုအနောက် တိဗက်-မြန်မာဟု လည်းကောင်း၊အရှေ့ဘက် တရုတ်နိုင်ငံ စီချွန်နယ်သို့ ပျံ့နှံ့သွားသည့် အုပ်စုကို အရှေ့တိဗက်-မြန်မာဟုလည်းကောင်း ခေါ်ဆိုသည်။ အနောက်၊ အနောက်တောင်ဘက်သို့ ပျံ့နှံ့သွားသောတိဗက်-မြန်မာအုပ်စုဝင်ဖြစ်ပြီး ခမီလူမျိုးတို့၏ ရာဇဝင်တေးအလင်္ကာများတွင်လည်း “တီဘွင်းကက်နီ” တိဗက်ပြည်မှ ဆင်းလာသည်ဟုပြောသည်။ ခမီဘာသာစကားတွင် တီဘွင်း=တိဗက်၊ ကက်နီ=ကုန်းပြင်မြင့် ဖြစ်သည်။
အချို့သော သမိုင်းစာရေးဆရာများကခမီလူမျိုးတို့သည် ၁၉ ရာစုလောက်မှဝင်လာကာ နှစ်ပေါင်းအားဖြင့် ၂၀ဝ ခန့်သာရှိသေးသည်ဟု ပြောကြ/ရေးကြသည်။ ၁၉၉၃ခုနှစ်တွင် နိုင်ငံတော်အစီအစဉ်ဖြင့် ဥဿလင်းစေတီတော်မြတ်ကြီးကို အသစ်တစ်ဖန် တည်ဆောက်ခဲ့ရာတွင် မြေအောက်ဌာပနာတိုက်၌ အဝခမီအမျိုးသမီးတို့၏ လက်ဝတ်တန်ဆာများကို တွေ့ရှိရကြောင်း ပလက်ဝမြို့နယ် ခူမီးမျိုးနွယ်စုဝင် သမိုင်းစာအုပ်တွင် ဖော်ပြထားသည်။ အဆိုပါ ဥဿလင်းစေတီတော်သည့် သာသနာတော်နှစ် ၂၂၃တွင် တည်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့်ခမီလူမျိုးများသည် ၎င်းစေတီတော် မတည်မီကတည်းက ယင်းအရပ်ဒေသတွင် ရှိနှင့်နေပြီးဖြစ်ပေသည်။
ထို့ပြင်ရမ်းဗြဲတောင် ကျောင်းဆရာတော် ဦးစန္ဒာမာလာ လင်္ကာရရေးသော ရခိုင်သမိုင်းရာဇဝင်သစ်ကျမ်း၊ ပထမတွဲ၊ စတုတ္ထမာတိကာ၊စာမျက်နှာ ၃၂၆-၃၂၇ တွင်လည်း ဒုတိယပရိန်မြို့၌ သက္ကရာဇ် ၄၈၅ ခုနှစ် နန်းတက်သော ဒဿရာဇာမင်းသည် မဟာမုနိရုပ်ရှင်တော်ကို ရှာတော်မူရန် စေလွှတ်ခြင်းအကြောင်း၌ “ချောင်းဖျား မြောင်းဖျား၌ နေသော မြိုခွေးမွေးစသောသူတို့သည် ရုပ်တုတော်မဟာမုနိကို ဤအရပ်တွင်ရှိသည်ဟု ပြသနိုင်မူ ထိုသူတို့အား ငါဝတ်ဆင်တော်မူအပ်သော ဤပတ္တမြားလက်ကောက်ကို ပေးလေဟူ၍ မှာထားတော်မူလျက် စေလိုက်သော တမန်တို့ရောက်လေလျှင် အမတ်ကြီးလက်ယာကြီးသည် ချောင်းဖျားမြစ်စွန်၌ နေသော ခွေးမွေးတို့ကို မေးမြန်းလေလျှင်” ဟုရေးထားရာ “မြိုခွေးမွေ” “ခွေးမွေး” ဟူသော လူမျိုးမှာ စာရေးသူတို့ ခမီလူမျိုးပင်ဖြစ်ပေသည်။
ယခုနေထိုင်ရာဒေသများနှင့်အသက်မွေးဝမ်းကျောင်းပြုမှုလုပ်ငန်း
ခမီလူမျိုးတို့သည် တောတောင်ထူထပ်သော အရပ်ဒေသနှင့် မြစ်ချောင်း၊ အင်းအိုင်အနီး ရာသီဥတုအေးမြရာဒေသများတွင်နေထိုင်လေ့ရှိကြသည်။ ရခိုင်ပြည်နယ်အတွင်းနေထိုင်သော ခမီလူမျိုးများကို မြေပြန့်နေခမီနှင့် တောင်ပေါ်ခမီဟူ၍ နှစ်မျိုးခွဲဖော်ပြရမည်ဖြစ်သည်။
တောင်ပေါ်နေ ခမီလူမျိုးတို့သည် တောတောင်ထူထပ်သော အရပ်ဒေသတွင်ရွာတည်နေထိုင်တတ်ကြပြီး မြေပြန့်နေ ခမီလူမျိုးတို့မှာ မြစ်ချောင်း၊ အင်းအိုင်အနီးတွင်ရွာတည်နေထိုင်ကြသည်။ စစ်တွေ၊ ကျောက်တော၊် ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်များ၌ ပျံ့နှံ့နေထိုင်ကြသည်။ ယခုအခါရခိုင်ပြည်နယ် အမ်းမြို့နယ်တွင်လည်းအင်ကြင်းမြိုင်ဟုခေါ်သည့် ခမီကျေးရွာတစ်ခုရှိသည်။
အသက်မွေးဝမ်းကျောင်းလုပ်ငန်း အနေဖြင့် မြေပြန့်ခမီလူမျိုးတို့က လယ်ယာလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြပြီး တောင်ပေါ်နေခမီလူမျိုးများမှာမူ တောတောင်များကို အမှီပြုလျက် တောင်ယာ စိုက်ပျိုးခြင်း၊ ဥယျာဉ်စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။ အချို့သောတောင်ပေါ် ခမီလူမျိုးတို့သည် သစ်ခုတ်ခြင်း၊ အမဲလိုက်ခြင်းလုပ်ငန်းများလည်း လုပ်ကိုင်ကြသည်။
ရုပ်အသွင်အပြင်
ခမီလူမျိုးတို့၏ အသားအရောင်မှာအသားဝါအုပ်စုဝင်ဖြစ်ပြီး မဖြူ၊ မညိုသောအသားအရေရှိပြီးလျှင် နက်သောဆံပင်များရှိသည်။ နဖူးကျယ်၍ မတိုမရှည်အနည်းငယ်ပိပြားသော နှာခေါင်း၊ မည်းနက်သော မျက်ခုံး၊တောက်ပြောင်သောမျက်လုံး၊ မထူမပါးသောနှုတ်ခမ်း၊ မျက်နှာဝိုင်း ပါးရိုးမြင့်ပြီး မေးရိုးကားသည်။ အရိုးအဆစ် တောင့်တင်းခိုင်မာသည်။ယောကျာ်း၊ မိန်းမပါကျစ်လျစ်သော ခန္ဓာကိုယ်ရှိကြသည်။ ပါးသိုင်းမွေး၊ နှုတ်ခမ်းမွေးထူခြင်းမရှိပေ။ အရပ်အမောင်းမှာ နိမ့်သည်သို့သော်လည်း ပုလွန်းသည်ကား မဟုတ်ပေ။
ကိုးကွယ်ယုံကြည်မှု
ခမီလူမျိုးအများစုမှာ ဗုဒ္ဓဘာသာကိုကိုးကွယ်ကြသည်။ ရှေးကမူ နတ်ကိုးကွယ်သည့်ဓလေ့ရှိသည်။ နေနှင့်လကို တိုင်တည်ခြင်း၊ နတ်ကောင်းနတ်မြတ်(ကနီခေါ့မာ့)ကို တိုင်တည်ခြင်းများရှိ၏။ ခရစ်ယာန်ဘာသာ သို့ကူးပြောင်းကိုးကွယ်သည့် ခမီလူမျိုးအနည်းငယ်လည်း ရှိသည်။
စိတ်နေသဘောထား
ခမီလူမျိုးတို့သည် စိတ်သဘောထားဖြူစင်ပြီး နူးညံ့သိမ်မွေ့ကြသည်။ သူတစ်ပါးအား ရန်လိုစိတ်မရှိဘဲ သီးခြားအေးဆေးစွာနေလိုသော စိတ်သဘောထားရှိသည်။ ဖော်ရွေစွာဆက်ဆံခြင်း၊ တင်းတိမ်ရောင့်ရဲခြင်း၊ ကျိုးနွံရိုသေခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊သစ္စာရှိခြင်းတို့ကို တန်ဖိုးထားသည်။ မိဘဘိုးဘွားတို့က မိမိ၏ သားသမီးမြေးမြစ်များ လိမ္မာယဉ်ကျေးလာစေရန် ၎င်းင်းတို့၏ ဘဝဖြတ်သန်းမှု အတွေ့အကြုံကို အခြေခံ၍ အမျိုးမျိုးပြောဆို ဆုံးမသွန်သင် ပေးတတ်ကြသည်။ ထို့ကြောင့် ရိုးသားဖြောင့်မတ်ပြီး သစ္စာတရားစောင့်သိကာ တည်ငြိမ်အေးချမ်းစွာ နေထိုင်လိုသော စိတ်သဘောထား ရှိကြသည်။
နာမည်မှည့်ခေါ်ပုံ
ခမီလူမျိုးတို့တွင် စိတ်ဝင်စားဖွယ်ကောင်းသော နာမည် မှည့်ခေါ်ဓလေ့ရှိသည်။ ကမ္ဘာဦးကာလက ခမီလူမျိုးများယုံကြည် ကိုးကွယ်ခဲ့ကြသည့် နေ၊ လ တို့၏ အမည်နှင့် ဆက်စပ်သော နီးဆေ၊ ခြအောင်ဟုလည်းကောင်း၊ အချိန်ကို စွဲ၍ အာ့ခေါင်(အရုဏ်တက်ချိန်)၊ ခဝင်း(မိုးလင်းချိန်)ဟု လည်းကောင်း၊ နေ့ရက်ကိုစွဲ၍ နီးဆေ(တနင်္ဂနွေ)၊ မခိ(အင်္ဂါ)ဟုလည်းကောင်း၊ လရာသီကိုစွဲ၍ ခှက်ကီ(နတ်တော်)၊ စခွှတ် (ပြာသို)၊ ဆပင် (တပို့တွဲ)ဟုလည်းကောင်း၊ နေရာဒေသကိုစွဲ၍အတောန် (မင်းကြီးတောင်)၊ ကေမာ(ကျောက်ပန်းတောင်)၊ နိကေ(နီလာပန်းတောင်) ဟုလည်းကောင်း၊ သားသမီးများ အဖတ်မတင်သည့်အခါ ယတြာချေသည့်အနေဖြင့် ကေပေါ (ငါးထည့်သည်ပလိုင်း)၊ယွေဟွေ (ငါးဖမ်းယက်သဲ့)ဟု လည်းကောင်း၊ ရိုးရာတူရိယာများကို စွဲ၍ ကလက်(လင်းကွင်း)၊ တဲတိန် (ဝါးစောင်း)ဟု လည်းကောင်း၊ အသုံးအဆောင်ကိုစွဲ၍ ကဆေး(ခမောက်ရှည်)၊ အော့ကွတ်(ရေအိုး)ဟု လည်းကောင်း၊ ဆန်စပါးကိုစွဲ၍ စနီ(ဆန်)၊ စကုန်(စပါးပင်)၊ စအောင် (စပါးသီးနှံအောင်မြင်)ဟု လည်းကောင်း၊ ဝါးပင်ကိုစွဲ၍ ဒတ်ထပ်(ဝါးသီး)၊ ဒတ်ပက်(ဝါးပွင့်) စသည်ဖြင့် မိမိတို့ကြိုက်နှစ်သက်သလို မှည့်တတ်ကြသည်။ ထို့ပြင်ကွယ်လွန် သွားကြသည့် မိဘ၊ ဘိုးဘွားများ၏ အမည်များကိုလည်း ထပ်မံ၍ မှည့်ခေါ်တတ်ကြသေးသည်။
ဆင်ယင်ထုံးဖွဲ့မှု
ရှေးယခင်က ခမီလူမျိုးများသည် ကျား၊ မဆံပင်ရှည်ထား၍ ဆံထုံး ထုံးလေ့ရှိကြသည်။ ခမီအမျိုးသားများသည် ဦးခေါင်း၏ ဘယ်ဘက်စောင်းစောင်းတွင် သျှောင်ထုံးကို သေသပ်ကျနစွာ ထုံးထားကြသည်။ အနံခြောက် လက်မ၊ အလျား လေးပေခန့်ရှိသောဂျပ်ခုတ် ရက်ထည်(သို့မဟုတ်) အဝတ်ဖြူပိတ်စကို ခေါင်းပေါင်းအဖြစ် ရစ်ပတ် ပေါင်းထားကြသည်။ ခမီအမျိုးသမီးများ သည် ဆံပင်ကိုနောက်ဘက် တွင်သာ သေသပ်ကျနစွာထုံးဖွဲ့ပြီး ငွေဆံထိုး၊ ဆံညှပ်များဖြင့်သာ တန်ဆာဆင်ကြသည်။ ခမီလူမျိုး အမျိုးသမီးများ၏ဆင်ယင်ထုံးဖွဲ့မှုတွင် ဦးထုပ်ဆောင်းလေ့မရှိပေ။
အဆင်တန်ဆာ လက်ဝတ်လက်စား
ခမီအမျိုးသားများက နဗက်(ခေါ်)အလယ်တွင် အပေါက်ပါပြီး လဝန်းသဏ္ဌာန်ရှိသော အချင်းနှစ်လက်မခန့်ရှိ နားကွင်းကျယ်ကြီး ငွေဖြင့် ပြုလုပ်၍ ဝတ်ဆင်ကြသည်။ ငွေလက်ကောက်လည်း ဝတ်ဆင်လေ့ရှိသည်။ ခမီအမျိုးသမီးများမှာမူ နားတွင် ငွေနားတောင်းကြီး(နားကပ်)၊ လည်ပင်းတွင် ငွေဒင်္ဂါးပြားကိုသန္တာစေ့ (သို့မဟုတ်)ပုလဲပုတီးလုံးများဖြင့်သီကာ လည်ဆွဲကြိုးအဖြစ် ဆင်ယင်ကြသည်။
အမျိုးသမီးများ ခါးပိုင်းတွင် ငွေသားဖြင့်ပြုလုပ်ထားသော ခါးပတ်ကြိုး၊ ငွေသားဒင်္ဂါးပြားများကို ကြွေစေ့၊ သန္တာစေ့၊ ပုလဲစေ့များဖြင့် သီထားသည့်ခါးပတ်ကြိုး(အကြီး)နှင့် “မှန်ကြိုး” ဟုခေါ်သည်။ ငွေသားခါးပတ်ကြိုး(အသေး) ၎င်းသုံးမျိုးကို ခါးတွင် အစီအရီလှပသပ်ရပ် မြဲမြံစွာပတ်၍ ချည်နှောင်ဆင်ယင်ကြသည်။ အချို့နေရာများတွင် သန္တာစေ့များဖြင့် သီကုံးထားသည့် အပင်ရေများစွာပါသော ဝါ၊စိမ်း၊ နီ၊ ပြာ သန္တာစေ့ ခါးပတ်ကြိုးကို ဝတ်ဆင်လေ့ရှိကြသည်။ လက်နှင့်ခြေတို့တွင်ငွေလက်ကောက်နှင့် ငွေခြေချင်းများ ဝတ်ဆင်ကြသည်။ ခမီပျိုမယ်များက လက်ကောက် တစ်ကွင်းမှ တံတောင်ဆစ်ထိရောက်အောင် ဝတ်ဆင်တတ်ကြပြီး မိန်းမအိုကြီးများမှာ ငွေလက်ကောက်ကြီးကြီးတစ်ကွင်းတည်းသာ ဝတ်ဆင်ကြသည်။ ခမီလူမျိုးတို့သည် လက်ဝတ်ရတနာ ဆင်ယင်ရာတွင် အဆောင်သဘော၊ အကာအကွယ်သဘော မဟုတ်ဘဲ မိမိတို့ရိုးရာယဉ်ကျေးမှုအရ အလှအပသဘောဖြင့်သာ ဝတ်ဆင်ကြခြင်းဖြစ်သည်။ ယနေ့အချိန်အခါတွင် ရိုးရာပွဲလမ်းသဘင်များတွင်သာ ဝတ်ဆင်လေ့ရှိကြသည်။
ဝတ်ဆင်သော အဝတ်များ
ခမီအမျိုးသားတို့သည် ကိုယ်ခန္ဓာအောက်ပိုင်းကို လုံချည်အဖြစ် အနံ ကိုးလက်မ၊အလျား ၁၃ ပေခွဲရှိသော “ဗတရီ” (ခေါ်)ဂျပ်ခုတ်ရက်ထည် အနံငယ်ပင်ရှည်ပုဆိုးကိုခါးတွင် သုံးပတ်ရစ်ပတ်ပြီး ခါးတောင်းကျိုက်ကာ ရှေ့၊ နောက်အစွန်း ထုတ်လျက်ဝတ်ဆင်ကြသည်။ ၎င်းကို ရခိုင်လူမျိုးတို့က “ဗတရီ” ကျိုက်သည်ဟုခေါ်ကြပြီး ခမီအမျိုးသားများက ကိုးတောင်ဝတ် ယောကျာ်းဟု ဂုဏ်ယူဝင့်ကြွားစွာ ပြောလေ့ရှိကြသည်။ ခန္ဓာကိုယ်အပေါ်ပိုင်းကို ပခုံးတစ်ဆက်တည်းဂျပ်ခုတ်ရက်ထည် လက်ပြတ်အင်္ကျီကို ဝတ်ဆင်စေသည်။ ခမီအမျိုးသမီးများမှာမူ အနံ ၁၈ လက်မခန့်၊ အလျား ၃၆ လက်မခန့်ရှိသည့် အဉ့်လဉ်(ခေါ်) ဂျပ်ခုတ်ရက်ထည်ကို အပေါ်ပိုင်းအင်္ကျီအဖြစ် ဘယ်ဘက်ချိုင်းကြားမှညာဘက်ပခုံးပေါ် အစနှစ်စွန်းကို ချည်နှောင်ကာ ခါးအောက်တွင် ရောက်နေသည့် အစွန်းနှစ်စကိုလည်းချည်နှောင်လျက် ဝတ်ဆင်သည်။ ခမီအမျိုးသမီး ခါးဝတ်ထဘီမှာ အလျား လေးပေခွဲ၊ အနံနှစ်ပေခွဲရှိပြီး ဂျပ်ခုတ်ထဘီထူထူကို ဒူးခေါင်းအောက်ချ၍ ဝတ်ဆင်ကြသည်။ အမျိုးသမီးဝတ် အင်္ကျီ၊ ထဘီ အနားစတွင် သန္တာစေ့များဖြင့် ယနေ့အခေါ် စီးကွင့်ထိုးပြီး အလှဆင်ကြသည်။ ထို့နောက် အလျား ငါးပေခွဲ၊ အနံတစ်ပေခန့်ရှိသောကိုယ်ခြုံထည် ထီပင်(ခေါ်)ခြုံထည်တဘက်ကို ပခုံးနှစ်ဖက် လည်ကုပ်ပေါ်မှသိုင်းပြီး ရှေ့သို့ ချကာဝတ်ဆင်ကြသည်။ ခမီလူမျိုးတို့၏ အဝတ်အထည်အရောင်မှာ အများအားဖြင့် ဝါ၊ စိမ်း၊ နီ၊ ပြာ၊ နက်အရောင်ရင့်ရင့်ဖြင့် မိမိတို့ဘာသာ ရက်လုပ်ဝတ်ဆင်လေ့ရှိကြသည်။ ရိုးရာအထည်ဂျပ်ခုတ် ရက်လုပ်ခြင်းပညာကို ခမီမိခင်များက ခမီသမီးပျိုများသို့ လက်ဆင့်ကမ်းသင်ပေးကြလေသည်။
မျိုးနွယ်ဆက်ခံမှုနှင့် ခမီမျိုးနွယ်စုများ
(ခမီလူမျိုးတို့က အစဉ်/အမျိုးဟုခေါ်သည်)
ခမီလူမျိုးများတွင် သားသမီးများသည်ဖခင်၏ မျိုးနွယ်ကိုသာ ဆက်ခံရသော ဓလေ့ရှိ၏။ ခမီလူမျိုးတို့သည် အများအားဖြင့်မျိုးနွယ်တူစု(ဃူညေ)အလိုက် သို့မဟုတ် မျိုးတူမိသားစုအလိုက် စုစည်း၍ နေထိုင်ကြသလိုမျိုးနွယ်တူစု သုံးလေးမျိုးစုစည်း၍ စုပေါင်းရွာတည်နေထိုင်ကြသည်။ ခမီလူမျိုးတို့သည်မျိုးနွယ်(အစဉ်)များပြားသော လူမျိုးလည်းဖြစ်သည်။ ရခိုင်ပြည်နယ် တိုင်းရင်းသားလူမျိုးများအရေး လေ့လာရေးကော်မတီ၏ လေ့လာရေး အစီရင်ခံစာအရ ခမီလူမျိုးတို့၏ ဆွေမျိုးစုတွင် မျိုးပွားသည့် ပင်မမျိုးနွယ်နှင့် မျိုးမပွားသည့် ပင်မမျိုးနွယ်ဟူ၍ နှစ်မျိုးရှိပြီး ပင်မမျိုးနွယ်စု ၅၈ စုနှင့် မျိုးပွားမျိုးနွယ်စု စုစုပေါင်း၁၄၉ မျိုးရှိကြောင်း မှတ်တမ်းပြုထားသည်။
ဆွေမျိုးစပ် မဟာမိတ်ဖွဲ့ပုံ
လူမှုဆက်ဆံရေးနယ်ပယ်၌ အဆင်ပြေချောမွေ့စေရန် တစ်မျိုးနွယ်နှင့်တစ်မျိုးနွယ်ဆွေမျိုးစပ်မဟာမိတ်ဖွဲ့ပုံ သုံးမျိုးရှိသည်။ (၁)ညီအစ်ကိုမျိုး၊ (၂)ယောက္ခမမျိုးနှင့် (၃)သမက်မျိုးဖြစ်သည်။ တစ်ဖန် ညီအစ်ကိုမျိုးတွင်အဖေနှင့်မျိုးနွယ်တူ ညီအစ်ကိုမျိုး၊ အမေ၏အစ်မ၊ ညီမအရင်းမှ မွေးဖွားသော ညီအစ်ကိုမျိုးနှင့်ရှေးယခင်က သစ္စာပြုညီအစ်ကို ဟူ၍သုံးမျိုးရှိပြန်သည်။ ဤသို့လျှင် ခမီလူမျိုးတို့သည် တစ်မျိုးနွယ်နှင့် တစ်မျိုးနွယ် ညီအစ်ကိုသုံးမျိုး၊ ယောက္ခမမျိုး၊ သမက်မျိုးဟူ၍ “ဝိုင်းကြီးပတ်ပတ်လည်ကာ” ဆွေမျိုးစပ်မဟာမိတ်ဖွဲ့ထားကြောင့် ခမီလူမျိုးတို့တွင် မျိုးနွယ်ကွဲများသော်လည်း သူစိမ်းတစ်ရံဆံဟူ၍ မရှိတော့ဘဲ အားလုံးက ဆွေမျိုးချည်းသာ ဖြစ်နေတော့သည်။ ထို့ကြောင့်မသိမကျွမ်းကြသော်လည်း တစ်ဦးနှင့်တစ်ဦး ဆွေစပ်၊ မျိုးစပ်မျိုးနွယ်(အစဉ်)များ မေးမြန်းကာညီအစ်ကိုတော်လျှင် ညီအစ်ကို၊ မောင်နှမ အရင်းရှာလိုဖြစ်သွားကြပြီး ယောက္ခမျိုး၊ သမက်မျိုး(သို့မဟုတ်)ယောက်ဖမျိုးဆိုက တစ်ဦးနှင့်တစ်ဦး အလေးထားဆက်ဆံကြသည်။
ခမီဘာသာစကား
ရခိုင်ပြည်နယ်အတွင်းရှိ ခမီလူမျိုးများ၏ဘာသာစကားတွင် (၁)နေ့စဉ်သုံးဘာသာစကားနှင့် (၂)အလင်္ကာဘာသာစကားဟူ၍(၂)မျိုးခွဲခြားနိုင်သည်။ နေ့စဉ်သုံးဘာသာစကားကို ခမီလူမျိုးတိုင်း ပြောနိုင်၊ နားလည်နိုင်သော်လည်း အလင်္ကာဘာသာစကားကိုမူရိုးရာတေးအလင်္ကာများကို လေ့လာလိုက်စားသူများသာ နားလည်သည်။ အလင်္ကာဘာသာစကားကို ခမီလူမျိုးတို့၏ နှစ်သစ်ကူးဆနီပွဲ၊ လက်ထပ်ထိမ်းမြားမင်္ဂလာပွဲများတွင်တစ်ဦးနှင့်တစ်ဦး ဆွေးနွေးမေးမြန်း၍ ခမီတေးအလင်္ကာများကို နှီးနှောဖလှယ် သီဆိုကြသည်။ရှေးဟောင်းသမိုင်းဖြစ်စဉ်များကို တေးအလင်္ကာဘာသာဖြင့် သီဆိုမှတ်တမ်းပြုကြသည်။ နေ့စဉ်သုံးဘာသာစကားတွင် အုပ်စုနှစ်မျိုးရှိသည်။ ဝါကုန်ခမီ စကားပြောအုပ်စုနှင့်အရိုင်းခမီ (ခတ်တနာစကားပြောအုပ်စု)ဖြစ်သည်။ ဝါကုန်စကားပြောသည် ရခိုင်ပြည်နယ်ရှိ ခမီလူမျိုးတို့၏ ဘုံစကားဖြစ်သည်။စာရေးသူတို့ခမီဘာသာစကား၌ ရုပ်ဝတ္ထုအခေါ်အဝေါ်များသည် အလွန်ထူးခြားသည်။လူခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုလုံးကို “အ” သရအသံကို ရှေ့မှထား၍ သုံးထားသည်။ဥပမာ- ဆံပင်(အဆင်)၊ ဦးခေါင်း(အလု)၊မျက်စိ(အမီ)၊ ပါးစပ်(အမခါ)၊ ရင်သား(အစော်)၊ချပ်(အလံလုံး)၊ ပေါင်(အဖလ်)၊ ခြေထောက်(အခေါခ်)၊ ခြေချောင်း(အခေါခ်မယုန်)၊ကိုယ်တွင်းအင်္ဂါများကိုလည်း နှလုံး(အမလုံ)၊အဆုတ်(အမတော်)၊ အူ (အတခှီ)စသည်ဖြင့်ဖြစ်ပေသည်။ ထို့ပြင် ဆွေမျိုးအခေါ်အဝေါ်များကိုလည်း အ သရနှင့်တွဲလျက် ခေါ်လေ့ရှိသည်။ဥပမာ-အဘိုး(အဘူ)၊ အဘွား(အပီ)၊ အဖေ(အပတ်)၊ ဘကြီး (အမာပတ်)၊ဒေါ်လေး(အတာ) ဟူ၍ ဖြစ်သည်။
မိခင်ဘာသာစကားသင်ကြားရေး ခမီစာပေ
ခမီလူမျိုးတို့တွင် ဘာသာစကား၊ ရိုးရာဓလေ့၊ ယဉ်ကျေးမှု၊ တေးအလင်္ကာဖြင့် ဖွဲ့နွဲ့ထားသည့် သမိုင်း၊ ရာဇဝင်၊ ပုံပြင်၊ ဝတ္ထုများသာရှိပြီး ကိုယ်ပိုင်စာပေမရှိခဲ့ပေ။ စာရေးသူငယ်စဉ်က အဘိုးအဘွားများအား ခမီစာမရှိဘူးလားဟု မေးရာ ခမီစာကို နွားသားရေပေါ်တွင်ရေးထားခဲ့သောကြောင့် ခွေးစားသွားသည်ဟု ဟာသနှော၍ ပုံပြင်သဘောပြောပြခဲ့ဖူးပါသည်။ သို့သော်လည်း စာပေအက္ခရာဟူသည်မှာ လူမျိုးတိုင်းတွင်ရှိသင့်သော ဂုဏ်အင်္ဂါတစ်ခုဖြစ်ပြီး အရေးပါအရာရောက်သောသင်္ကေတဖြစ်ပေသည်။ စာပေရှိမှ လူမျိုးတင့်မည်ဖြစ်သောကြောင့် ခမီလူမျိုးတို့ နိုးကြားတက်ြွကမှု၊ တိုးတက်မြင့်မားမှု၊ ချမ်းမြေ့သာယာမှုဟူသော ဘဝအခြေခံဖြစ်စေရန်ဆန္ဒမွန်ဖြင့် ဗုဒ္ဓဘာသာထွန်းကားသည့် မြန်မာနိုင်ငံနှင့် ဆီလျော်အောင် မြန်မာစာပေကိုအခြေခံ၍ ခမီစာပေအက္ခရာသင်ပုန်းကြီးကို၁၉၇၂ ခုနှစ်တွင် ခမီရဟန်းတော် အရှင်တိလောက(သာသနဓဇဓမ္မာစရိယ)၊ သာသနာ့အောင်မြေကျောင်း ဘောက်ထော် ရန်ကုန်မှတီထွင်ပေးခဲ့သည်။ သို့သော်လည်း ခမီလူမျိုးတို့၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေးအခြေခံအုတ်မြစ်နိမ့်ကျမှုကြောင့် ခမီစာပေသင်ပုန်းကြီးမှာ ဖွံ့ဖြိုးတိုးတက်မလာနိုင်ခဲ့ပေ။ ယနေ့ပါတီစုံဒီမိုကရေစီခေတ်တွင် နိုင်ငံတော်အစိုးရမှ တိုင်းရင်းသားမိခင်ဘာသာ စာပေသင်ကြားရေး ပညာရေးမူဝါဒများချမှတ် ဆောင်ရွက်ပေးမှုကြောင့် ခမီတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်း(အဖွဲ့)က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်နယ်မှတ်ပုံတင်ရေးအဖွဲ့သို့ အသင်းအဖွဲ့မှတ်ပုံတင်အမှတ် ၂/ရခိုင်/ဝ၂၈ မှတ်ပုံတင်ပြီး ၁၉၇၂ ခုနှစ်ကခမီရဟန်းတော် အရှင်တိလောက (သာသနဓဇဓမ္မာစရိယ) တီထွင်ပေးခဲ့သည့် ခမီစာသင်ပုန်းကြီးကို ပြန်လည်အသက်သွင်းကာ ခမီစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိသည်။ မိခင်ဘာသာ ခမီစာသင်ကြားပြသရန် ခမီလူမျိုး ဆရာ ဆရာမများ လေ့ကျင့်မွေးထုတ်ပေးလျက်ရှိသည်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် ပြည်နယ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးရုံး၏ လမ်းညွှန်မှုနှင့်အညီ သက်ဆိုင်ရာ မြို့နယ်ပညာရေးဌာနများနှင့် ညှိနှိုင်းလျက် ခမီတိုင်းရင်းသား ကျေးရွာများတွင် ခမီစာပေသင်ကြားရေးကို အုတ်မြစ်ချလုပ်ဆောင်နေပြီဖြစ်သည်။
Kအာ့ခေါင်