မိတ္ထိလာ ၂၁   ဇန်နဝါရီ

 

လွန်းမဲ့ရက်ကန်းစက်များအား ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်စေရန် ရက်ကန်းနှင့် အသက် မွေးပညာသင်တန်းကျောင်းများမှ ဆရာ/ဆရာမများ မိတ္ထီလာမြို့ရှိ  ရက်ကန်းစက်ရုံများသို့ ဇန်နဝါရီလ ၁၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။

 

“အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအောက်ရှိ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာ သိပ္ပံအပါအဝင် နိုင်ငံအဝန်းရှိ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းများတွင် မြန်မာ့ရိုးရာ ရက်ကန်းပညာကို ထိန်းသိမ်းရန်၊ တိုင်းရင်းသားများ၏ ရိုးရာရက်ကန်းပညာကို ထိန်းသိမ်းရန်၊ ရက်ကန်းပညာကိုကျွမ်းကျင်သည့် မျိုးဆက်သစ်များ မွေးထုတ်ရန်နှင့် ခေတ်မီရက်ကန်းနည်းပညာများ တိုးတက်ပြန့်ပွားရန် ရည်ရွယ်၍ ကျေးလက်နေ အမျိုးသမီးငယ်လေးများအား စက်ရက်ကန်း၊ လက်ရက်ကန်း စသည့် ချည်မျှင်နှင့်အထည်အလိပ်ပညာရပ်များကို နှစ်စဉ် အခမဲ့ဖွင့် လှစ်သင်ကြားပေးရှိသည်။ ထိုသို့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာမှ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာ သိပ္ပံအပါအဝင် နိုင်ငံအဝန်းရှိ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းများတွင် လွန်းမဲ့စက်ရက်ကန်းစက်များကို တပ်ဆင် ဆောင်ရွက်ထားရှိပြီးဖြစ်ရာ ၎င်းလွန်းမဲ့စက်ရက်ကန်းစက်များကို  ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်စေရန်နှင့် စက်ပြုပြင် ထိန်းသိမ်းခြင်းဆိုင်ရာ နည်းပညာရပ်များကို ပြန်လည်ဖြန့်ဝေ သင်ကြားပေးနိုင်ရေးအတွက် ဆရာဆရာမ (၂၃)ဦးတို့က  လွန်းမဲ့စက်ရက်ကန်းစက်များ အသုံးပြုလျက်ရှိသည့် မိတ္ထီလာမြို့ရှိ ချည်မျှင်နှင့် အထည်စက်ရုံ၊ စက်မှုဇုန်ရှိ ရက်ကန်းစက်ရုံများနှင့် ဝမ်းတွင်းမြို့ရှိ ရက်ကန်းစက်ရုံများသို့ ဇန်နဝါရီလ ၁၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ သွားရောက်လေ့လာသင်ယူသွားမည်ဖြစ်ကြောင်း ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (မိတ္ထီလာ)မှ ကျောင်းအုပ်ဆရာကြီး ဦးသာဝက ပြောကြားခဲ့သည်။

 

အဆိုပါ လွန်းမဲ့စက်ရက်ကန်းနည်းပညာများ လေ့လာသင်ကြားပြီးစီးပါ သင်တန်းဆရာဆရာများက ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာ သိပ္ပံအပါအဝင် နိုင်ငံအဝန်းရှိ  ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းမ(၁၃)ကျောင်းတွင် ပြန်လည်ဖြန့်ဝေသင်ကြားသွားဖြစ်ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)