မိတ္ထီလာ၊ ဇူလိုင် ၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ  ရက်ကန်းပညာကျွမ်းကျင်သည့် မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရန် လက်ရက်ကန်း (ခြောက်လ) သင်တန်းကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ကျောင်းအုပ်ကြီး ဦးသာဝထံမှ သိရသည်။

ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ မြန်မာ့ရိုးရာ ရက်ကန်းပညာနှင့် တိုင်းရင်းသားများ၏ ရိုးရာရက်ကန်းပညာကို ထိန်းသိမ်းရန်၊ ရက်ကန်းပညာကျွမ်းကျင်သည့် မျိုးဆက်သစ်များ မွေးထုတ်ရန်နှင့် ခေတ်မီရက်ကန်းနည်းပညာများ တိုးတက်ပြန့်ပွားရေးတို့အတွက် လက်ရက်ကန်း၊ စက်ရက်ကန်းပညာရပ်များကို နှစ်စဉ် အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ ယခုလက်ရက်ကန်း ခြောက်လသင်တန်းကို ဒုတိယအကြိမ်မြောက်အဖြစ် ဇူလိုင် ၁ ရက်မှစတင်၍ အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၎င်းသင်းတန်းကို ဝန်ဇင်းရပ်ကွက်၊ ရန်မျိုးအောင်ရပ်ကွက်၊ အောင်းဆန်းရပ်ကွက်၊ ညောင်ပင်ကျေးရွာ၊ မဲဒီကျေးရွာ၊ ကံကြီးကုန်းကျေးရွာတို့မှ သင်တန်းသား သင်တန်းသူ ၁၀ ဦး တက်ရောက်လျက်ရှိသည်။

အဆိုပါလက်ရက်ကန်း ခြောက်လသင်တန်းတွင် စက်ရက်ကန်း၊ အဖြူချွတ်ဆေးဆိုး၊ လက်ရက်ကန်း၊ အထည်ဒီဇိုင်း၊ အထည်သင်္ချာ၊ လက်ချည်မျှင်ဆွဲနှင့် ရိုးရာဂျပ်ခုတ် ဘာသာရပ်များကို ဇူလိုင် ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)