ရန်ကုန် မတ် ၁၁
ရုံးပိတ်ရက်ရှည်ဖြစ်သော မတ် ၁၂ ရက်မှ ၁၆ ရက် အထိ ငါးရက်တာ ကာလအတွင်း ပုဂံယဉ်ကျေးမှုဒေသသို့ ခရီးသွားများပိုမိုဝင်ရောက် လာမည်ဟု ပုဂံဒေသခံတို့က ခန့်မှန်းထား ကြောင်း သိရသည်။
ယမန်နှစ်က ရွှေစက်တော်ဘုရားပွဲရာသီတွင် ပုဂံမှရွှေစက်တော်သို့လည်းကောင်း၊ ရွှေစက်တော်မှ ပုဂံသို့လည်းကောင်း ခရီးသွားများတစ်ဖွဲဖွဲဝင်ရောက်ခဲ့ပြီး ထိုမှတစ်ဆင့် ပုပ္ပားတောင်သို့လည်း သွားရောက်လည်ပတ်ကြသူများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။
“မနှစ်ကဒီအချိန် ပုဂံမှာခရီးသွားမပြတ်စည်ကားနေပြီး သင်္ကြန်ကာလအထိ ခရီးသွားမပြတ်ခဲ့ပါဘူး ဒီအပတ် ရက်ရှည်ပိတ်ရက်ငါးရက်ဆိုတော့ ခရီးသွားတွေအတွက် ရွှေစက်တော်ဘုရားလည်း ဘုရားဖူးလည်ပတ်ဖို့ အချိန်ရပါတယ်။ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာဆိုရင် နိုင်ငံခြားသားခရီးသွား အများစုက အထင်ကရဘုရားစေတီတွေမှာရှိတဲ့ နံရံဆေးပန်းချီတွေနဲ့ ဗိသုကာလက်ရာတွေကို ကြည့်ရှုလေ့လာကြတာများပါတယ်။ Grade-12 ကလွဲရင် ကျောင်းပိတ်ချိန်ဖြစ်တဲ့အတွက် ရက်ရှည် ရုံးပိတ်ရက်ကာလမှာ ပုဂံကို ခရီးသွားဝင်ရောက် လာမယ်လို့ ဒေသခံ တွေကခန့်မှန်းထားကြပါတယ်”ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပုဂံယဉ်ကျေးမှုဒေသသို့ ပြည်တွင်း၊ ပြည်ပခရီးသွားများ ဝင်ရောက်လာပါက ရွှေစည်းခုံ၊ ငှက်ပစ်တောင်၊ တုရင်တောင်၊ အလိုတော် ပြည့်၊ ထီးလိုမင်းလို၊ အာနန္ဒာ၊ သဗ္ဗေညု၊ ကန်တော့ ပုလ္လင်၊ ဗူးဘုရား၊ ဗဟာဗောဓိ၊ မြစေတီ၊ မနူဟာ၊ လောကနန္ဒာ၊ ဓမ္မရာဇက၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ ရွှေဆံတော်၊ ပြသဒ်ကြီး စသည့် အထင်ကရ ဘုရား၊ စေတီ ၁၈ ဆူသို့ အများဆုံး လည်ပတ်ကြလေ့ရှိသည်။
“ပုဂံမှာကအေးချမ်းပါတယ်။ အခုလိုရုံးပိတ်ရက်ရှည်ကာလမှာ လည်ပတ်ဖို့အကောင်းဆုံးပါ။ မြန်မာမှန်ရင် ပုဂံရောက်ဖူးမှ မြန်မာလိုသတ်မှတ်တဲ့စကားပုံ လည်းရှိပါတယ်။ ရုံးပိတ်ရက်ရှည်ကာလမှာ ခရီးသွားပိုမိုဝင်ရောက်မယ်လို့ ဒေသခံတွေခန့်မှန်း ထားတာကြောင့် ခရီးသွားအားလုံးကို ဒေသခံတွေကကြိုဆိုနေပါတယ်။ မနှစ်ကသင်္ကြန်မှာလည်း ညောင်ဦးမြို့မှာ ဗဟိုမဏ္ဍပ်ရှိတဲ့အတွက် ပုဂံမှာလည်း ခရီးသွားစည်ကားခဲ့ပါတယ်။ ပုဂံမှာလည်ပတ်ပြီး ရွှေစက်တော်မှာ အပန်းဖြေအနား ယူလိုတဲ့ဘုရားဖူးတွေအတွက် ဒီရုံးပိတ်ရက်ဟာ အကောင်းဆုံး အပန်းဖြေခရီးသွားကာလလည်း ဖြစ်ပါတယ်”ဟု ထီးလိုမင်းလိုဘုရားဂေါပရအဖွဲ့မှ အတွင်းရေးမှူး ဦးတင်လှဦးက ပြောသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် ဧရိယာအားဖြင့် စတုရန်း ၁၄၂၉၅ မိုင် ကျယ်ဝန်းပြီး ပုဂံယဉ် ကျေးမှုဒေသတွင် ဘုရား၊ စေတီ၊ ဂူ ၃၈၂၂ ဆူနှင့် တန့်ကြည်တောင် ဧရိယာ၌ ၁၅ ဆူဖြင့် စုစုပေါင်း ၃၈၃၇ ဆူတည်ရှိ၍ မြန်မာ့ယဉ်ကျေးမှု ရှေးဟောင်းအမွေအနှစ် များစုဝေးရာ ပုဂံဒေသသို့ ယခုရုံး ပိတ်ရက်ရှည်ကာလ၌ ပြည်တွင်း၊ ပြည်ပခရီးသွားများ ပိုမိုဝင်ရောက်လာမည်ဟု ဒေသခံများက ခန့်မှန်းထားကြောင်း သိရသည်။
ဓာတ်ပုံ - ဇွဲမာန်
သစ္စာ(MNA)