ရလဒ်ကောင်းများ ပေါင်းစည်းချိတ်ဆက်

၂၁  ဇွန်

 

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်၍ ကိုယ်ပိုင်ဓနဥစ္စာ အရင်းအနှီး လိုအပ်ချက်များရှိသည်။ နိုင်ငံကို တည်ဆောက်နေဆဲဖြစ်၍ ပံ့ပိုးကူညီမှုများ လိုအပ်သည်။ ထို့ကြောင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ချေးငွေများကို အားပြုရသည်။ ပြည်ပအရင်းအနှီးများကို ဖိတ်ခေါ်ရသည်။ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှု တို့အတွက် တာဝန်ရှိသော နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများဖြစ်ပါက အစဉ်အမြဲကြိုဆို လက်ခံအားပေးနေသည်ကို တွေ့ရသည်။

 

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် အထောက်အပံ့ကောင်းများဖြစ်၍ ယုံကြည်စိတ်ချမှုကို ဖြစ်စေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြဋ္ဌာန်းပြီး ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခွင့် ပြုလျက်ရှိသည်။ တစ်ဖက်တွင် နိုင်ငံတကာအဖွဲ့အစည်းများ၏ ထောက်ပံ့ကူညီမှုများ၊ ပူးပေါင်းလက်တွဲဆောင်ရွက်မှုများကို ရယူဆောင်ရွက်လျက် ရှိသည်။ ပြီးခဲ့သည့်ရက်က နိုင်ငံတော်သမ္မတ တက်ရောက်ဆွေးနွေးခဲ့သည့် အက်မက်စ်နှင့် စီအယ်လ်အမ်ဗွီ ထိပ်သီး အစည်းအဝေးများကဲ့သို့ နိုင်ငံတကာ အစည်းအဝေးများမှတစ်ဆင့် မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အပံ့ကောင်းများ ရရှိခဲ့ဖူးသည်။

 

ကျင်းပပြီးခဲ့သည့် အက်မက်စ် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်မှ ပေါ်ထွက်လာသော ရလဒ်ကောင်းများသည် မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေရေးကို များစွာအထောက်အကူ ပြုစေမည်ဟု မျှော်လင့်နိုင်သည်။ ပုဂ္ဂလိကကဏ္ဍသည် နိုင်ငံအများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက မောင်းနှင်အား ဖြစ်သောကြောင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများတွင် ပုဂ္ဂလိကကဏ္ဍ အရင်းအမြစ်များကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေးအစီ အမံနှင့်အညီ ထိထိရောက်ရောက် အသုံးချနိုင်ရန် နိုင်ငံတော်သမ္မတက အသိပေးခဲ့သည်။

 

မြန်မာနိုင်ငံပါဝင်သည့် စီအယ်လ်အမ်ဗွီ အဖွဲ့ဝင်နိုင်ငံများအတွင်း ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်များကို နိုင်ငံတော်သမ္မတက အသိပေးခဲ့ပြီး ဖွံ့ဖြိုးမှုအလားအလာကောင်းများ ပေါ်ထွက်စေရန်အတွက် အကြံပြုခဲ့သည်။ ယနေ့ ကမ္ဘာပေါ်တွင် ကဏ္ဍပေါင်းစုံ၌ ရှုပ်ထွေးလှသည့် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရပြီး ယင်းကို တစ်နိုင်ငံတည်းအင်အားဖြင့် ဖြေရှင်း မရနိုင်သောကြောင့် မြန်မာနိုင်ငံနှင့် ယဉ်ကျေးမှု၊ သမိုင်းနောက်ခံနှင့် အတွေးအခေါ်ပိုင်းဆိုင်ရာ နီးစပ်မှုရှိသည့် စီအယ်လ်အမ်ဗွီ နိုင်ငံများ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှသာ စိန်ခေါ်မှုများသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများအဖြစ် ပြောင်းလဲနိုင်မည်ကို နိုင်ငံတော်သမ္မတက ထောက်ပြခဲ့သည်။

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ တက်ရောက်ဆွေးနွေးခဲ့သည့် (၈)ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်) ထိပ်သီးအစည်းအဝေးနှင့် (၉)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် (စီအယ်လ်အမ်ဗွီ)ထိပ်သီး အစည်းအဝေးများမှ ပေါ်ထွက်လာသည့် ရလဒ်များသည် ယခင်ထိပ်သီး အစည်းအဝေးများနှင့်မတူ တစ်မူထူးကဲသည်ဟု ဆိုနိုင်သည်။ နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ အပါအဝင် အဖွဲ့ဝင်ဒေသတွင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံလင်အောင် စေ့စေ့စပ်စပ် ဆွေးနွေးတင်ပြနိုင်ခဲ့ပြီး အစည်းအဝေးများ၌ ရှင်းလင်းပြောကြား ဆွေးနွေးမှုများသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအတွက်သာမက အဖွဲ့ဝင်နိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေး အတွက်ပါ အကြံကောင်း ဉာဏ်ကောင်းများ မျှဝေပေးနိုင်ခဲ့သည်ဟု ဆိုရမည်။

 

သို့ဖြစ်ရာ နိုင်ငံတော်သမ္မတ တက်ရောက်ဆွေးနွေးခဲ့သည့် အက်မက်စ်နှင့် စီအယ်လ်အမ်ဗွီ ထိပ်သီးအစည်းအဝေးများမှ ထူးခြားသည့် ရလဒ်ကောင်းများ ပေါ်ထွန်းခဲ့သည်ဟု ဆိုချင်သည်။ မြန်မာနိုင်ငံသာမက အဖွဲ့ဝင်နိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော ရင်းနှီးမြှုပ်နှံမှုများကို အဖွဲ့ဝင်နိုင်ငံအချင်းချင်း လက်တွဲလျက် မိတ်ဖက်နိုင်ငံများနှင့် အကူအညီများ ချိတ်ဆက်ရယူနိုင်ကြကာ မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံများ ဖွံ့ဖြိုးတိုးတက်လာရေးကို ပိုမိုမြှင့်တင် ဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ။

 

ကြေးမုံ