ရလဒ်ကောင်းတွေဖန်တီးပေးနိုင်ဖို့ ဝန်ကြီးချုပ် နာဂျစ်ရာဇတ် အစိုးရ လုပ်ပိုင်ခွင့် ထပ်မံတောင်းဆို

ကွာလာလမ်ပူ ၈ ဧပြီ

ဧပြီ ၇ ရက်နေ့က လက်ရှိ မလေးရှားအာဏာရ ညွန့်ပေါင်းအစိုးရ (Barisan Nasional - BN) ခေါ် ဝန်ကြီးချုပ် နာဂျစ်ရာဇတ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အမျိုးသားတပ်ဦးက မဲဆွယ်စည်းရုံးရေးအတွက် မူဝါဒထုတ်ပြန်ခဲ့ပါတယ်။ ငွေသားဝေငှမှုတွေနဲ့ အခြားအကျိုးခံစားခွင့်တွေပါဝင်တဲ့ မဲဆွယ်စည်းရုံးရေး အခမ်းအနားကို ကွာလာလမ်ပူက မိုးလုံလေလုံခန်းမမှာ ကျင်းပခဲ့တာမှာ ပရိသတ်လေးသောင်းကျော် တက်ရောက်ခဲ့ပါတယ်။ 

ဝန်ကြီးချုပ်က နေထိုင်မှုစရိတ်စက လျှော့ချပေးဖို့နဲ့ လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုဖန်တီးပေးဖို့ ကတိပြုခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်ရှိအနိမ့်ဆုံးလုပ်ခလစာ ရင်းဂစ် ၁၀ဝ၀ မှ ငါးနှစ်အတွင်း  ၁၅၀ဝ ထိ မြှင့်တင်ပေးမယ့်အပြင် သိပ်မကြာမီက ဝင်ငွေလျော့နည်းမှုနဲ့ စရိတ်စကမြင့်တက်မှုတွေကို ဝေဖန်ခဲ့ကြတဲ့ BN ပါတီထောက်ခံသူ အမာခံအုပ်စုတွေဖြစ်တဲ့ စားအုန်းဆီထုတ်လုပ်သူ လယ်သမားတွေရဲ့ အကြွေးတွေ လျှော့ချပေးရန်အတွက် အထူးအခွင့်အရေးတွေ ဖန်တီးပေးဖို့ ကတိပြုခဲ့ပါသေးတယ်။

 

မလေးရှား အထွေထွေရွေးကောက်ပွဲကို လာမယ့် ၂ လအတွင်း ကျင်းပမှာဖြစ်ပါတယ်။ နာဂျစ်ရာဇတ်အနေနဲ့  ကိုးနှစ်ကြာ ဝန်ကြီးချုပ်တာဝန်ယူထားပြီးနောက် လုပ်ပိုင်ခွင့် ထပ်မံလိုလားနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ ဝန်ကြီးချုပ် နာဂျစ်ရာဇတ်အနေနဲ့ အသက် ၉၂ အရွယ်ရှိ ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်နဲ့ ယှဉ်ပြိုင်နေရပါတယ်။ မဟာသီယာ မိုဟာမက်ဟာ လက်ရှိဝန်ကြီးချုပ် နာဂျစ်ရာဇတ်ရဲ့ (1 Malaysia Development Berhad – 1MDB ) ငွေကြေးအရှုပ်တော်ပုံကြောင့် နိုင်ငံရေးမှာ ပြန်လည်ပါဝင်လာတာ ဖြစ်ပါတယ်။ မလေးရှား မဲဆန္ဒရှင်တွေ၊ အစဉ်အလာအားဖြင့် အာဏာရအစိုးရကို ထောက်ခံသူတွေဟာ ဒီအချိန်မှာ အတိုက်အခံဘက်ကိုပြောင်းပြီး အုပ်ချုပ်ရေးစနစ်ကို ပြောင်းလဲနိုင်ဖို့ မျှော်လင့်တယ်လို့ မဟာသီယာက ပြောကြားထားပါတယ်။ မဟာသီယာရဲ့ အတိုက်အခံ ပါခါတန် ဟာရာပန် (Pakatan Harapan) ပါတီကလည်း မဲဆွယ်စည်းရုံးရေးအတွက် မူဝါဒတွေထုတ်ပြန်ထားပြီး မဲဆန္ဒရှင်တွေအတွက် အကျိုးများစေမယ့်ကတိတွေ အများအပြား ပေးထားကြောင်း ဆင်ဟွာသတင်းတစ်ရပ်အရ သိရပါတယ်။

ဘာသာပြန် > မိုးမမ