ဇန်နဝါရီ

 

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

 

ရခိုင်ပြည်နယ်အရေးကိစ္စကို အကြောင်းပြု၍ ဥရောပသမဂ္ဂက မြန်မာနိုင်ငံနှင့် ချုပ်ဆိုရန် ပြင်ဆင်ညှိနှိုင်းထားသော ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေး ရေးစာချုပ်ကို တစ်ဖက်သတ်ရပ်ဆိုင်းခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ ရခိုင်ပြည်နယ်၌ လူမျိုးတုံးသတ်ဖြတ်မှုများ ပြုလုပ်နေသည်၊ လူ့အခွင့်အရေးတို့ကို ချိုးဖောက်နေသည်ဟူသော စွပ်စွဲချက်တို့ကို အကြောင်းပြု၍ ဥရောပသမဂ္ဂက ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး စာချုပ်ချုပ်ဆိုရေးကို တစ်ဖက်သတ် ရပ်ဆိုင်းခဲ့ခြင်းဖြစ်ပါသည်။ ဤနေရာ၌ ဥရောပသမဂ္ဂအား မေးရမည့် မေးခွန်းတစ်ရပ် ထွက်ပေါ်လာပါသည်။ နှစ်ဦးနှစ်ဖက် ငွေကြေး၊ အချိန်၊ လုပ်အားတို့ ရင်းနှီးပြင်ဆင်ညှိနှိုင်းထားသော ဤစာချုပ် တစ်ဖက်သတ် ရပ်ဆိုင်းခြင်းကြောင့် ရခိုင်ပြည်နယ်အရေး၌ တစ်စုံတစ်ရာ တိုးတက်မှုတို့ကို ဖန်တီးနိုင်စွမ်း ရှိမည်/မရှိမည်ကို ဥရောပသမဂ္ဂအား မေးမြန်းရမည်ဖြစ်ပါသည်။

 

မြန်မာနိုင်ငံနှင့်ချုပ်ဆိုရန် ပြင်ဆင်ညှိနှိုင်းထားသော ရင်းနှီးမြှုပ်နှံမှု အကာ အကွယ်ပေးရေးစာချုပ်ကို ဥရောပသမဂ္ဂက တစ်ဖက်သတ်ရပ်ဆိုင်းခဲ့ခြင်း ကြောင့် ရခိုင်ပြည်နယ်အရေးကိစ္စ၌ တစ်စုံတစ်ရာ တိုးတက်မှုတို့မရှိနိုင်သည်မှာ ရှင်းပြရန်မလိုအပ်သော ကိစ္စဖြစ်ပါသည်။ တစ်စုံတစ်ရာ တိုးတက်မှုမရှိနိုင်သော ကိစ္စရပ်ကို ဥရောပသမဂ္ဂက အဘယ်ကြောင့် ဆောင်ရွက်ခဲ့ရပါသနည်း။ ဥရောပ သမဂ္ဂက လူ့အခွင့်အရေးချိုးဖောက်မှုတို့ကို လက်မခံ၊ လျစ်လျူမရှုဟူသော သဘောထားကို ထုတ်ဖော်ပြသနိုင်ရန်အတွက် ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ဤနေရာ၌ အရေးကြီးသည်မှာ ရခိုင်ပြည်နယ်အရေးကိစ္စ၌ လူ့အခွင့်အရေးမျက်နှာစာသာရှိသည်မဟုတ်၊ တခြားသော မျက်နှာစာတို့လည်း ရှိနေခြင်းဖြစ်ပါသည်။ ရခိုင်ပြည်နယ်အရေးကိစ္စ၌ အချုပ်အခြာအာဏာ မျက်နှာစာလည်း ရှိပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မျက်နှာစာလည်း ရှိပါသည်။

 

ဥရောပသမဂ္ဂအပါအဝင် အနောက်နိုင်ငံကြီးတို့သည် ရခိုင်ပြည်နယ်အရေး ကိစ္စ၏ အချုပ်အခြာအာဏာမျက်နှာစာနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မျက်နှာ စာတို့ကို သိနားလည်ပါသည်ဟု ဖွင့်ဟပြောဆိုကြသော်လည်း ဆုံးဖြတ်ချက်တို့ကို ချမှတ်သောအခါ၌မူ ဤမျက်နှာစာ နှစ်ရပ်စလုံးအား လုံးဝလျစ်လျူရှုခဲ့ကြ ပါသည်။ က္ဘာ့လူဦးရေ အထူထပ်ဆုံးနိုင်ငံတို့ကြား၌ ရပ်တည်နေရသော နိုင်ငံငယ်တစ်ခုအနေဖြင့် မြန်မာနိုင်ငံသည် အမျိုးသားရေးကိုယ်ပိုင်လက္ခဏာထိန်းသိမ်းခြင်းနှင့်အတူ အချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်ခြင်းကို မလွဲမသွေ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အမည်ဆန်းဖြင့် တိုင်းရင်းသား အခွင့်အရေး တောင်းဆိုခြင်းသည် အချုပ်အခြာအာဏာပိုင် နယ်မြေကို တောင်းဆိုလိုက်ခြင်းသာ ဖြစ်ပါသည်။ ဥရောပသမဂ္ဂက ရခိုင်ပြည်နယ်အရေး ကိစ္စ၏ အချုပ်အခြာအာဏာ မျက်နှာစာကို လျစ်လျူရှုခဲ့ခြင်းသည် ဤအရေးကိစ္စ လူ့အခွင့်အရေးမျက်နှာစာကို စိတ်တိုင်းကျ ပုံကြီးချဲ့ခွင့်ရရန်သာ ဖြစ်ပါသည်။

 

ရခိုင်ပြည်နယ်အရေးကိစ္စကို ကိုင်တွယ်ဖြေရှင်းမည့် လုပ်ငန်းစဉ်အရပ်ရပ်ကို မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ညှိနှိုင်းဆွေးနွေး သဘောတူပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါလျက် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် အချိန်ပေး စောင့်ကြည့်ရန် ပျက်ကွက်ခဲ့ခြင်းသည် ဥရောပသမဂ္ဂ၏ စိတ်ရင်းအမှန်ကို ထုတ်ပြခဲ့ခြင်းဟုသာ ယူဆရမည်ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံမှုအကာအကွယ်ပေး ရေးစာချုပ်ကို ဥရောပသမဂ္ဂက လျစ်လျူရှုခဲ့ခြင်းသည် ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအလားအလာတစ်ရပ်ကို လျစ်လျူရှု လိုက်ခြင်းသာဖြစ်ပါသည်။ ရခိုင်ပြည်နယ်အရေးကိစ္စ ကိုင်တွယ်ဖြေရှင်းရာ၌ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် အခြေခံလိုအပ်ချက်တစ်ရပ် ဖြစ်သည်ဟူသော အချက်မှာ မြန်မာနိုင်ငံက ဥရောပသမဂ္ဂကို ရှင်းပြရန်မလိုအပ်သော ကိစ္စဖြစ်ပါ သည်။ ပြဿနာအမှန်တကယ် ဖြေရှင်းရေးထက် လူ့အခွင့်အရေးတို့အပေါ် ရပ်တည် ကာကွယ်သည်ဟု ပုံဖော်လိုသော ဥရောပသမဂ္ဂ၏ ယခုခြေလှမ်း သည် ရလဒ်နတ္ထိ ဖြစ်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။