ရမ်းဗြဲ ၃၀ ဇန်နဝါရီ
ရမ်းဗြဲမြို့နယ်အတွင်းရှိ ရှေးဟောင်းအမွေအနှစ်များဖြစ်သော ကျောက်စာ၊ ဘုရား၊ ပုထိုး၊ စေတီများနှင့် ရှေးဟောင်းအထင်ကရ နေရာများအား ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၂ နာရီက ရှေးဟောင်း သုတေသနနှင့် အမျိုးသားယဉ်ကျေးမှုဦးစီးဌာန (မြောက်ဦးဌာန-ခွဲ) မှ ဦးစီးအရာရှိ ဦးစောမင်းထွေး နှင့်အဖွဲ့တို့ ရှာဖွေလေ့လာလျက်ရှိကြောင်း သိရသည်။

အဆိုပါအဖွဲ့တို့သည် ရမ်းဗြဲမြို့အဝင် အမှတ်(၁) ရပ်ကွက်တွင်ရှိသော သက္ကရာဇ် (၇၉၂) ခုနှစ်က ရခိုင်ဘုရင် မင်းစောမွန် လက်ထက် အမတ်ကြီး အနန္တသူရိယနှင့် မြင်းစိုင်းစားတို့ တည်ထား ပူဇော်ခဲ့သည့် ခြေရာတောပြင် သာသနကုန်းမြေပေါ်ရှိ အာဠီငါးဆင့်စေတီ၊ ပေါ်တော်မူစေတီ၊ ကျောက်စေတီ၊ ခြေတော်ရာစေတီနှင့် မသုန္ဒရီစေတီများသို့ သွားရောက်ပြီး သမိုင်းအထောက် အထားများကို ရှာဖွေလေ့လာ မှတ်တမ်းတင်ယူခဲ့ကြသည်။

ယင်းနောက် ရမ်းဗြဲမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဗဟန္တောင်သာသနကုန်းမြေပေါ်တွင် တည်ရှိနေ သော ကောဇာသက္ကရာဇ် (၁၁၇၃)ခုနှစ်က ရမ်းဗြဲမြို့ဝန်မင်း နေမျိုးသူရိယနှင့် နှမတော် မိနှောင်းတို့မှ တည်ထားပူဇော်ခဲ့သည့် မောင်တော်စေတီနှင့် နှမတော်စေတီနှစ်ဆူကိုလည်း သမိုင်း မှတ်တမ်း အထောက်အထားများကိုရှာဖွေ လေ့လာခဲ့ကြသည်။ ၎င်းအဖွဲ့တို့ သိရှိလိုသောအချက် အလက်များရရှိနိုင်ရေးကို ရမ်းဗြဲမြို့နယ်၊ ပြန်/ဆက်ဦးစီးဌာနမှ လိုက်ပါကူညီပေးခဲ့သည်။
အဆိုပါ အဖွဲ့သည် ရမ်းဗြဲမြို့နယ်အတွင်းမှ ကျန်ရှိနေသေးသော ရှေးဟောင်းသမိုင်းဝင်နေရာများရှိရာသို့ နောက်နေ့ရက်များတွင်လည်း သွားရောက်လေ့လာကြမည်ဖြစ်ကြောင်း သိရသည်။
အောင်နိုင် ရမ်းဗြဲ (ပြန်/ဆက်)
