စစ်တွေ  ၂၂  ဇွန် 

 

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ် အတွင်းရှိ စာစစ်ဌာနများမှ ၂၀၁၈ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ပညာရည် ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန် ၂၁ ရက် နံနက် ၉ နာရီတွင် ရမ်းဗြဲမြို့ ရမ္မာဝတီခန်းမ၌ ကျင်းပသည်။

 

 

 

အခမ်းအနားတွင် ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာက ရခိုင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်း အောင်ချက် တိုးတက်လာမှု အခြေအနေ၊ မသမာမှုကင်းရှင်းပြီး ထူးချွန်စွာ ထက်မြက်သည့် ကျောင်းသားလူငယ် များ ပေါ်ပေါက်လာစေရန်အတွက် ကျောင်းသားမိဘများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပါဝင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများကလည်း ဆုရ ကျောင်းသူ၊ ကျောင်းသားများ၏ ကြိုးစားအားထုတ် အောင်မြင်မှုကိုဂုဏ်ယူပြီး မြို့နယ်၏ အောင်ချက်မြင့်မားလာရေးအတွက် ကြိုးစားသွားကြရန် ပြောကြားသည်။ 

 

ထို့နောက် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်နှင့် ပြည်နယ်လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံတို့က အမှာစကား ပြောကြားကြသည်။ ယင်းနောက် ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးအောင်သန်းမြင့်က ရခိုင်ပြည်နယ်၏ ပညာရေးတိုးတက် မြင့်မားလာရေးအတွက် ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ လည်းကောင်း၊ မြို့နယ်ပညာရေးမှူးက မြို့နယ်၏ပညာရေး အခြေအနေတို့ကို လည်းကောင်း ရှင်းလင်းတင်ပြသည်။ 

 

ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ် ချီးမြှင့်ကြသည်။ ယင်းနောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်က မြန်မာတစ်နိုင်ငံလုံး ဝိဇ္ဇာတွဲတွင် အဆင့် ၇ ရရှိပြီး ရခိုင်ပြည်နယ်တွင် ဝိဇ္ဇာတွဲပထမဆုရရှိသော မောင်ထွန်းထွန်းဝေအား ရွှေစင်တစ်ကျပ်သားအား သီးခြားဂုဏ်ပြုချီးမြှင့်ခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးတင်ရွှေက အောင်ချက် အကောင်းဆုံး ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော ကျောင်းအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ကြသည်။ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်ရှိ စာစစ်ဌာနများမှ ၅ ဘာသာဂုဏ်ထူးရှင်နှစ်ဦး၊ ၃ ဘာသာဂုဏ်ထူးရှင်နှစ်ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၁၂ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၄၇ ဦးထွက်ရှိ ပေါ်ပေါက်ကြောင်းသိရသည်။

 

ပြည်နယ်ဝန်ကြီးများနှင့် အဖွဲ့သည် ဇွန်လ ၂၀ ရက်နေ့ ညနေပိုင်းကလည်း ကျောက်ဖြူမြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းပြီး စိုင်ခြုံကျေးရွာလမ်း၊ သိုင်းချောင်း၊ ဆင်ပုတ်လမ်း၊ ဇင်းချောင်း၊ ကင်းကျေးရွာသွားလမ်းတို့အား ရေကြီးရေလျှံဖြစ်ပွားကာ လမ်းများ၊ တံတားများ ပျက်စီးသွားမှုတို့ကို ပြန်လည်ပြုပြင်နိုင်ရန် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။ 

 

တင်ထွန်း(ပြန်/ဆက်)