ဟုမ္မလင်း ၃ မတ်
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ကြီးမှူးဖွင့်လှစ်သော ရှမ်းစာပေနှင့် ယဉ်ကျေးမှုဆရာဖြစ်သင်တန်း အပတ်စဉ်(၆) သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီက ဟုမ္မလင်းမြို့၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီဝန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်နှင့် ဟုမ္မလင်းမြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီနယက ဦးစိုင်းငြိမ်းမောင် တို့က သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းတွင် ဆုရရှိသူများနှင့် သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့သည်။

အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်၊ ရှမ်းဝန်ကြီး(ဟောင်း) ဦးစန်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးစိုင်းချစ်ညွှန့်၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုနယက ဦးစိုင်းငြိမ်းမောင်၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းကို ဇန်နဝါရီ ၂၀ ရက်မှ မတ် ၃ ရက်နေ့ထိ သင်ကြားပို့ချခဲ့ခြင်းဖြစ်ပြီး ဟုမ္မလင်းမြို့နယ်၊ ခန္တီးမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ တမူးမြို့နယ်များမှ သင်တန်းသား သင်တန်းသူ ၁၅၂ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
လင်းလင်း(ပြန်/ဆက်)


