တောင်ကြီး ၂၂ နိုဝင်ဘာ

 

ရှမ်းနှစ် ၂၁၁၄ ခုနှစ်၊ ရှမ်းနှစ်သစ်ကူးပွဲတော်ကို နိုဝင်ဘာ ၂၁ ရက် ညနေ ၅ နာရီက တောင်ကြီးမြို့၊ အဝေရာကုန်းသာယာ မီးပုံးပျံကွင်း၌ ကျင်းပသည်။

 

ဆက်လက်၍ ရှမ်းနှစ်သစ်ကူးအလံတော်အား ရှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဦးစိုင်းထွန်းမြမှ သယ်ဆောင်လာပြီး စင်မြင့်ပေါ်တွင် စိုက်ထူ၍ ရှမ်းနှစ် ၂၁၁၄ ခုနှစ်၊ ရှမ်းနှစ်သစ်ကူးပွဲတော်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ရှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းထွန်းမြတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် ရှမ်းလူမှုအခြေပြု အဖွဲ့ဝင်များမှ ရှမ်းရိုးရာအိုးစည်ဗုံမောင်း (ကာပန်ကောင်) အကဖြင့် ဝိုင်းဖွဲ့ကပြဖျော်ဖြေတင်ဆက်၍လည်းကောင်း၊ တက္ကသိုလ်များရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း လူငယ် မောင်မယ်များမှ နှစ်သစ်ကူး သီချင်းများဖြင့် သီဆိုဖျော်ဖြေကြပြီး၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ ဖြစ်သော ရှမ်း၊ ပအိုဝ်း၊ အင်း၊ တောင်ရိုး၊ လီဆူယဉ်ကျေးမှုအကအဖွဲ့တို့မှ အသီးသီးဖျော်ဖြေ တင်ဆက်ကြကြောင်း သိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)