မိုးနဲ   ၂၅   အောက်တိုဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ကျရောက်မည့် ရှမ်းနှစ်သစ်ကူးပွဲတွင် အပျော်တမ်းဓတ်ပုံပြိုင်ပွဲကို ထည့်သွင်းကျင်းပပေး သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ သိရသည်။

 

ဓာတ်ပုံပြိုင်ပွဲကို မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်၍ ဒေသတွင်းဓာတ်ပုံပညာရှင်များပေါ် ထွက်လာစေရန်၊ ဒေသတွင်းရိုးရာယဉ်ကျေးမှုနှင့် မြို့အလှကိုခရီးသွား ပြည်သူများ ခံစားတတ်စေရန် ရည်ရွယ်လျက် အပျော်တမ်းဓာတ်ပုံပြိုင်ပွဲကို “မြို့အလှရှုခင်း”ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

 

ပြိုင်ပွဲစည်းကမ်းများအနေဖြင့် မိမိကိုယ်တိုင်ရိုက်ကူးထားကြောင်း ဝန်ခံကတိ ၊ရိုက်ကူးခဲ့သည့်နေရာ ၊ ဓာတ်ပုံများ ထပ်ပေါင်းထည့်ထားခြင်းမပြုရ ၊မည်သည့် ကင်မရာ၊ ဖုန်းအမျိုးအစားနှင့်မဆို ယှည်ပြိုင်ခွင့်ရှိသည်။ (Drone မပါ) ၊ဓာတ်ပုံအရွယ်အစား A4 ဆိုဒ်ဓာတ်ပုံစက္ကူပုံနှင့် CDတင်ပြနိုင်ရမည် ၊ပြိုင်ပွဲဝင်တစ်ဦးလျှင် အများဆုံး(၅)ပုံ ယှဉ်ပြိုင်ခွင့်ပြုမည် ၊ဆုရွေးချယ် ရာတွင် ဆုရွေးချယ်ရေးကော်မတီ၏ ဆုံးဖြတ်ချက်အတိုင်းသာ အတည်ပြု မည် ၊ပြိုင်ပွဲဝင် ဓာတ်ပုံများအား ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီမှ လိုအပ်လာပါက အသုံးပြုခွင့် ပြုရမည်။

 

1

 

ပြိုင်ပွဲဝင်ဓာတ်ပုံများကို နိုဝင်ဘာ ၁ ရက်နေ့ မှစတင်လက်ခံသွားမည်ဖြစ်ပြီး နိုဝင်ဘာ ၂၀ ရက်နေ့နောက်ဆုံးထား၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုးနဲမြို့နယ်ရုံးသို့ ရုံးချိန်အတွင်းပေးပို့ ပြိုင်ပွဲဝင်ရမည်ဖြစ်ကာ ဆုရဓာတ်ပုံများကို နိုဝင်ဘာ ၂၅ ရက်နေ့တွင် ရွေးချယ်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဆုကြေးငွေများအဖြစ် ပထမဆုအတွက် ငွေကျပ် တစ်သိန်း ၊ ဒုတိယဆုအတွက် ငွေကျပ် ရှစ်သောင်း ၊ တတိယဆုအတွက် ငွေကျပ် ငါးသောင်း နှင့် နှစ်သိမ့်ဆု သုံးဆုအတွက် ငွေကျပ် နှစ်သောင်းစီချီးမြှင့်သွားမည်ဖြစ်ပြီး အသေးစိတ် သိရှိလိုပါက ဦးမျိုးညွန့်ရွှေ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဖုန်း ဝ၉ ၂၅၀၂၅၅၈၅၄ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

 

မျိုးညွန့်ရွှေ(မိုးနဲ)