ရမည်းသင်း ၂၃ ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူးရုံးမှကြီးမှူး၍ ရမည်းသင်းခရိုင် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း စာရင်းစစ်၊ စာရင်းကောက်ယူခြင်းကို ဇန်နဝါရီ ၂၃ ရက် နံနက် ၉ နာရီခွဲက ရွာတန်းသဲကျွန်းအုပ်စု ဈေးကွက်သစ်ကျေးရွာ၌ ကောက်ယူလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ရမည်းသင်းမြို့နယ်အတွင်း ဇန်နဝါရီ ၁၅ ရက်မှ ၂၈ ရက်အထိ လူဦးရေဆိုင်ရာ အချက်အလက်များ၊ ပြည်တွင်းပြောင်းရွှေ့သွားလာခြင်း အကြောင်းအရာ၊ ကလေးမွေးဖွားမှု အကြောင်းအရာ၊ လုပ်သားအကြောင်းအရာ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းမှု၊ အိမ်အကြောင်းအရာ၊ ရေ၊ ပညာရေး၊ ပတ်ဝန်းကျင်သန့်ရှင်ရေး စသည့်အခြေခံ အချက်(၁၂)ခုကို တစ်အိမ်တက်ဆင်း (Mobile Tablet) အသုံးပြု၍ (Computre Assisted Personal Interviewing - CAPI) နည်းစနစ်ဖြင့် စနစ်တကျ ကောက်ယူလျက်ရှိသည်။ ထိုသို့ကောက်ယူနေမှုအား ရမည်းသင်းခရိုင် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီ ဉက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအုန်းသန်းနှင့် အဖွဲ့ဝင်များ၊ ရမည်းသင်းမြို့နယ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီ ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ရွှေဒါးသာစည်အုပ်စု ဈေညောင်ကိုင်းကျေးရွာအနီး အမှတ်(၈) အထည်စက်ရုံဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာတွင် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကောက်၊ စာရင်းစစ်များ ကောက်ယူခြင်းကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

ရမည်းသင်းခရိုင် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရေးကို ပျော်ဘွယ်မြို့နယ်အတွင်း ကောက်ကွက် (၂၈)ကွက်နှင့် ရမည်းသင်းမြို့နယ်အတွင်း ကောက်ကွက် (၂၇)ကွက် ကောက်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

ဇော်ဝင်းအောင် (ရမည်းသင်း)