ရမည်းသင်း ၃၀ ဧပြီ
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ထပ်မံတိုးချဲဖွင့်လှစ်သည့် ကန့်သတ်စောင့်ကြည့်စခန်း နည်းပညာတက္ကသိုလ် (ရမည်းသင်း)၌ ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် ကန့်သတ် စောင့်ကြည့်စခန်းသို့ ယနေ့နံနက်(၃)နာရီခွဲတွင် တရုတ်နိုင်ငံနယ်စပ်ဒေသမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား (၁၉)ဦး၊ အမျိုးသမီး (၁၃)ဦး ရောက်ရှိလာကြောင်း သိရသည်။
အဆိုပါ ကန့်သတ်စောင့်ကြည့်စခန်းတွင် ရမည်းသင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကိုယ်ရေးအချက်အလက်များ ကောက်ယူခြင်း ကိုယ်အပူချိန်တိုင်းတာခြင်း၊ ဆောင်ရွက်ပြီး တကိုယ်ရေးသုံးဇလုံ၊ ဟင်းချိုပန်းကန်း၊ ဇွန်း၊ မျက်နာသုတ်ပုဝါ၊ ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်၊ ကော်ဖီမစ်(၅)ထုပ်၊ ခေါက်ဆွဲခြောက်(၁)ထုပ်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ အခင်းနှင့် နှာခေါင်းစည်း(၄)ခုတို့ကို အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ပြီး နည်းပညာတက္ကသိုလ် (ရမည်းသင်း) စာသင်ဆောင်တွင် နေရာချထားပေးခဲ့ကြောင်း သိရသည်။
ရမည်းသင်းမြို့နယ်တွင် ဧပြီ ၁၉ ရက်နေ့က စတင်ပြီး သာသနာဗိမ္ဗာန်ကန့်သတ် စောင့်ကြည့်စခန်းတွင် ကန့်သတ်စောင့်ကြည့်သူ ၂၄၂ ဦးနှင့် ဧပြီ ၂၆ ရက်တွင် ထပ်မံတိုးချဲ့သည့် နည်းပညာတက္ကသိုလ် ကန့်သတ် စောင့်ကြည့်စခန်းတွင် ၂၈၇ ဦး စုစုပေါင်းကန့်သတ်စောင့်ကြည့်စခန်း(၂)ခုတွင် ယနေ့ထိ ၅၂၉ ဦး ရှိကြောင်း သတင်းရရှိသည်။
ရန်နိုင်ထွန်း


