နေပြည်တော် မေ ၁၁
ချည်မျှင်ရှည်ဝါသီးနှံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထားဆောင်ရွက်လျက်ရှိသည့် ရမည်းသင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ချည်မျှင်ရှည်ဝါစိုက်ပျိုးရာသီ ပန်းတိုင်အထွက်ရရှိရေးအတွက် ဌာနနှင့် တောင်သူ ပူးပေါင်းဆောင်ရွက်ထားရှိသည့် ကတင်ကျေးရွာ စံပြစိုက်ကွင်း၌ ဝါသီးနှံ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး နည်းပညာပေးကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ စိုက်ပျိုးရေးမွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ နည်းပညာပေးဝန်ထမ်းများနှင့် ချည်မျှင်ရှည်ဝါစိုက်ပျိုးသူ တောင်သူများ တက်ရောက်ကြသည်။ 
ကွင်းသရုပ်ပြပွဲတွင် ဒုတိယဝန်ကြီးက လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံခန့်ခွဲရေး ၊ စည်းရုံးရေးနှင့် နည်းပညာပေးခြင်း နည်းလမ်းများဖြင့် ဆောင်ရွက်ရပါကြောင်း၊ တောင်သူများ ပူးပေါင်းဆောင်ရွက်နိုင်ရေးစီမံဆောင်ရွက်ပေးခြင်းနှင့် လက်တွေ့အသုံးချသုတေသနလုပ်ငန်းများတွင် တောင်သူများ ကိုယ်တိုင်ပါဝင်သည့် ပူးပေါင်းဆောင်ရွက်မှု ဖြစ်စေရေး အားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အလားတူ နည်းပညာပြန့်ပွားရေး လုပ်ငန်းများတွင် တောင်သူများအချင်းချင်း နည်းပညာမျှဝေခြင်း၊ တောင်သူများအချင်းချင်း အသိပညာဖလှယ်သည့် တွေ့ဆုံဆွေးနွေးပွဲများဆောင်ရွက်ပေးခြင်းများ စီမံပေးသွားရန် လိုအပ်ကြောင်း၊ ဝါသီးနှံ အမြင့်ဆုံးအထွက်နှုန်း ရရှိရေးအတွက် ရေရှိနိုင်မှု အခြေအနေ၊ ရေထည့်သွင်းနိုင်မည့် အကြိမ်အရေအတွက်တို့ကို ထည့်သွင်းစဉ်းစားရန်နှင့် ရေကိုအကျိုးရှိထိရောက်စွာ ပေးသွင်းအသုံးပြုနိုင်ရန်၊ အထွက်နှုန်းကို တိုက်ရိုက်လွှမ်းမိုးထားသော အပင်ဦးရေပြည့်မှီအောင်စိုက်ပျိုးရန်၊ ရေငွေ့ပျံဆုံးရှုံးမှု သက်သာစေရန်၊ အပင်ကြီးထွားမှု လျင်မြန်မှုရှိစေရေး ထည့်သွင်းစဉ်းစားရန် လိုကြောင်း။
 မိမိတို့၏ မြေဆီလွှာ တိုးတက်ကောင်းမွန်ရေးအတွက် သဘာဝမြေသြဇာများ၊ တီကျစ်စာ မြေဆွေးများကို ကိုယ်တိုင်ပြုလုပ်သုံးစွဲစေလိုကြောင်း၊ အဆိုပါလုပ်ငန်းအတွက် လိုအပ်သည့်နည်းပညာကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ပညာရှင်များအနေဖြင့် တောင်သူများ၏ မိရိုးဖလာဗဟုသုတ၊ နည်းပညာများကိုလည်း မှတ်တမ်းတင်လေ့လာပြီး ပိုမိုတိုးတက်ကောင်းမွန်သော တီထွင်ကြံဆမှုများ ဆောင်ရွက်ကြစေလိုကြောင်း ၊ သီးနှံစိုက်ပျိုးရေးဆိုင်ရာ နည်းပညာများအား မိုဘိုင်းဆက်သွယ်ရေး မီဒီယာများမှ တောင်သူများ ရှာဖွေရယူအသုံးပြုနိုင်ရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲများ၊ တွေ့ဆုံဆွေးနွေးပွဲများ အွန်လိုင်းစနစ်ဖြင့် တောင်သူများ ပါဝင်တက်ရောက်နိုင်စေရေးအတွက် လေ့ကျင့်ကူညီပေးပြီး ခေတ်မီဒီဂျစ်တယ် နည်းပညာအသုံးပြုသော စိုက်ပျိုးနည်းပညာ တိုးတက်မှုဖြစ်စေရေး ကြိုးပမ်းသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဝါသီးနှံပညာရှင်များက ဝါသီးနှံတွင်ကျရောက်ဖျက်ဆီးသည့် ဖျက်ပိုးကာကွယ် နှိမ်နင်းခြင်း နည်းပညာနှင့် သိမှတ်ဖွယ်ရာများကို ရှင်းလင်းဆွေးနွေးပြီးတောင်သူများက ဝါသီးနှံ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး နည်းပညာ လက်တွေ့သရုပ်ပြသခြင်းကို ကွင်းဆင်းလေ့လာကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပညာရှင်များက အသေးစိတ် ရှင်းလင်းဖြေကြားကြသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ရမည်းသင်းမြို့နယ် ရွှေဒါးကျေးရွာ ပုဂ္ဂလိက ဝါကြိတ်စက်နှင့် ဆီစက်တို့၏လုပ်ငန်း ဆောင်ရွက်နေမှုများ၊ ဝါဂွမ်းများထုပ်ပိုးထားရှိမှု ၊ ဝါစေ့ကြိတ်ခွဲမှုအဆင့်ဆင့်၊ ဝါစေ့ဆီထုတ်လုပ်မှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဝါမျိုးသန့် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဝါကြိတ်စက်မှ မျိုးသန့်ရရှိနိုင်ရေးဆောင်ရွက်ရာတွင် လိုက်နာဆောင် ရွက်ရမည့်အချက်များ ၊ ဝါမျိုးစေ့ထုတ် လိုင်စင်ရရှိရေးဆောင်ရွက်ရန်နှင့် မျိုးစေ့လုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက်ဌာနက ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့နယ် ညောင်လွန့်ကျေးရွာ နေခြည်ဝင်း ဝါစက်တွင် ဝါစိုက်တောင်သူများနှင့်တွေ့ဆုံ၍ တောင်သူများ၏ လက်ရှိဝါစိုက်ပျိုးမှု မျိုးအသုံးပြုမှု အခြေအနေများကို မေးမြန်းဆွေးနွေးပြီး ဝါဂွမ်းဈေးကွက် အလားအလာနှင့် ဝါစေ့ကြိတ်စက်လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်