ရမည်းသင်း ၉ ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ရမည်းသင်းခရိုင် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ရမည်းသင်းမြို့နယ်အတွင်း ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး သံချဆေးပေါင်း တိုက်ကျွေးခြင်းကို ဇူလိုင် ၈ ရက် ညနေ ၆ နာရီက ရွှေစည်းခုံရပ်ကွက်ရှိ ဆေးရုံကွက်သစ်ရပ်နှင့် ဆံစေတီရပ်တို့တွင် စတင်တိုက်ကျွေးကြောင်း သိရသည်။

 

ဆင်ခြေထောက် ရောဂါကင်းဝေးရေး ဆေးတိုက်ကျွေးခြင်းကို ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော်နှင့်  ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ခရိုင် မိခင်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဒေါ်အေးအေးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်သီတာသန်းစိုဦးနှင့် အသင်းသူများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအဖွဲ့များက ပူးပေါင်း တိုက်ကျွေးကြသည်။

 

ရမည်းသင်းမြို့နယ်အတွင်း ဆင်ခြေထောက်ရောဂါ ကင်းဝေးရေးဆေးကို အသက်(၂)နှစ်မှ (၅)နှစ်ထိ ကလေး ငယ်များကို  သန်ချဆေးတစ်ပြားနှင့် ဆင်ခြေထောက်ရောဂါဆေးပြား (၁)ပြား၊အသက်(၆)နှစ်မှ (၁၄)နှစ်ကို သန်ချဆေး တစ်ပြားနှင့် ဆင်ခြေထောက်ရောဂါဆေးပြား (၂)၊ အသက်(၁၅)နှစ် ထက်ရှိသူများကို သန်ချဆေးတစ်ပြားနှင့် ဆင်ခြေထောက်ရောဂါ ဆေးပြား(၃)၊ တိုက်ကျွေးပြီး ကိုယ်ဝန်ဆောင် မိခင်များ၊ ရောဂါတစ်ခုခုကို ဆိုးရွားစွာခံစားနေသူမှအပ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ အားလုံးကို ဇူလိုင်(၈)ရက်မှ (၁၇)ရက်ထိ တိုက်ကျွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

ဇော်ဝင်းအောင် (ရမည်းသင်းပြန်/ဆက်)