ရမည်းသင်း ဒီဇင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း စားနပ်ရိက္ခာ ၀မ်းစာဖူလုံရေး၊ တောင်သူ လယ်သမားများ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်နိုင်ရေး၊ မျိုးစေ့ထုတ်လုပ်ပြီး တောင်သူများ ၀င်ငွေတိုးပွားစေရေး၊ လယ်ယာထွက်ကုန်များ စျေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေး မျိုးကောင်းမျိုးသန့် စံပြစိုက်ခင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၃ ရက်က သင်ပန်းကုန်းရွာမ ကွင်းအမှတ် (၁၁၆၆က)၊ ဦးပိုင်အမှတ် (၇၁/၁) ရှိ မိုးစပါး မျိုးသန့်မျိုးပွား ထုတ်လုပ်စိုက်ပျိုးထားသည့် တောင်သူ ဒေါ်ခိုင်မာဝင်း၏ မိုးစပါးစံပြကွက် မနောသုခ(၆.၁၃)ဧက စိုက်ခင်းတွင် (၀.၁၀)ဧကကို စံကွက်ရိတ်သိမ်းခဲ့သည်။
ထိုသို့ စံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်း၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် မြေစာရင်းဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး တစ်ဧက မနှောသုခစပါး ၁၃၈ တင်း ထွက်ရှိကြောင်း သိရသည်။ ရမည်းသင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် သင်ပန်းကုန်းအုပ်စုချုပ် မိုးစပါးစိုက်ဧက ၁၁၇၃ ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦဝင်းချိုထံမှ သိရသည်။
ဇော်ဝင်းအောင်(ပြန်/ဆက်)


