နေပြည်တော်၊  ၁၈  ဒီဇင်ဘာ 

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း ရွာတန်းလမ်းဆုံ အနီး မီးပွိုင့်၌ ဒီဇင်ဘာ ၁၇ ရက် နံနက် ၉ နာရီ ၂၀ မိနစ်က ဆီဘောက်ဆာ ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်မြို့ဘက်မှ မန္တလေးမြို့ဘက်သို့ ပြည်ကြီးတံခွန်မြို့နယ်နေ ကိုသီဟ (၃၅)နှစ် မောင်းနှင်သော 7K/xxxx ဂါလန် ၈၀၀၀ ဆံ့ ဆီဘောက်ဆာယာဉ်သည် အခင်း ဖြစ်နေရာအရောက် ရမည်းသင်း-သိမ်ကုန်းကျေးရွာလမ်းသွယ်မှ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်သို့ ယာဉ်ကြောမရှင်းဘဲ ဖြတ်သန်းမောင်းနှင်သည့် ကျီးစုကျေးရွာနေ ကိုချင်း(၃၆)နှစ် မောင်းနှင်လာသော ဆိုင်ကယ်အား ရှောင်တိမ်းမောင်းနှင်ရာမှ ဝဲဘက်ယာဉ်ကြောရှိ အင်ကြင်းကန်ကျေးရွာနေ ကိုဇော်မိုးဝင်း (၄၆)နှစ် မောင်းနှင်သော ထော်လာဂျီယာဉ်အား ဝင်ရောက်တိုက်မိခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ဆီဘောက်ဆာယာဉ်မှာ လမ်းပေါ်တွင် ကန့်လန့်လဲကျ တိမ်းမှောက်ခဲ့ ကြောင်း၊ ယာဉ်တိမ်းမှောက်မှုကြောင့် ကိုသီဟနှင့် ကိုချင်းတို့တွင် ဒဏ်ရာများအသီးသီး ရရှိခဲ့ပြီး ယာဉ်သွားလာမှု ခေတ္တရပ်တန့်နေသဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များပါဝင်သည့်ပူးပေါင်းအဖွဲ့များမှ သွားရောက်ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကိုချင်းအား ရမည်းသင်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။  

(ရဲပြန်ကြား)