ရမည်းသင်း    အောက်တိုဘာ ၁၉

ရမည်းသင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၉ ရက်  နံနက်(၈) နာရီခွဲက ညောင်အိုင်ကျေးရွာအတွင်းသို့လှည့်လည်၍ အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 
 
ရမည်းသင်းမြို့နယ်အား ဇူလိုင် ၂၇ ရက်မှစ၍ Stay   at   Home မြို့နယ်အဖြစ် သတ်မှတ်ထုတ်ပြန် ကြေညာထာခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးနှင့်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများအောင်မြင်နိုင်ရေးအတွက် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တို့ ပူးပေါင်း၍ အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။

ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဦးစားပေးအုပ်စုအလိုက် ထိုးနှံပေးခြင်းနှင့် အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းတွင် ပူးပေါင်းပါဝင်စေရေး နှိုးဆော်ခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ထိရောက်စွာ ကာကွယ်ရေးအတွက် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်း၌သာနေထိုင်ရန်၊ နေအိမ်အပြင်ထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်သွားလာကြရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြရန်၊ လက်ကိုဆပ်ပြာဖြင့်  မကြာခဏ ဆေးကြော ကြရန်၊ လူစုလူဝေးများကို ရှောင်ရှားကြရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှု ခံယူကြရန်စသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ရေးဆိုင်ရာများ စည်းကမ်းများအား အသိပေးနှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။    

ရန်နိုင်ထွန်း (ခရိုင်ပြန်ဆက်)