နေပြည်တော်   ၂၈   မေ 

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းကျော်ဦးစီးသည့် ခရိုင်မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ယနေ့ နံနက် ၁ နာရီခွဲက ကျောင်းကုန်းကျေးရွာနေ အောင်ဖေ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား (၂၈၀ဝ)၊ ဘိန်းချေးဟု ယူဆရသော အမဲရောင်အမှုန့် (၄၃)ကျပ်သားခန့်၊ ဘိန်းရူရာတွင် အသုံးပြုသော ပစ္စည်းများအား ထည့်ထားသည့် သံသေတ္တာ(၁)လုံး၊ အရှည်(၁၅)လက်မရှိ လက်လုပ်တူမီးသေနတ်အတို (၁)လက်၊ ခဲသီး(၇)လုံး၊ ဓားအိမ်ပါ ဓား(၄)ချောင်းတို့အား သိမ်းဆည်းရမိခဲ့သည်။ 

အလားတူ ရမည်းသင်းမြို့နယ်၊ ကျောက်အိုးရဲကင်းမှူး ဒုရဲအုပ် ထင်ကျော်ထွန်း ဦးစီးသည့် တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သတင်းအရ မေ ၂၇ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် တိန်းညက်ကုန်းကျေးရွာနေ ဇော်ဝင်း၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဇော်ဝင်း၊ နိုင်ဦးနှင့် မအေးမြင့်တို့(၃)ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၃၉၀၊ ငွေကျပ် (၄၀ဝ၀ဝ)၊ ဖုန်း(၂)လုံးနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ 

ရဲပြန်ကြား