ရမည်းသင်း ၁၈ ဇွန်
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် စီပင် စိုက်ပျိုးရေးခြံ၌ ဒေသနှင့် ကိုက်ညီသည့် ငရုတ်သီးနှံ မျိုးကောင်း၊ မျိုးသန့်ရရှိရေး သုတေသန စမ်းသပ်ကွက်များ စိုက်ပျိုးထားကြောင်း သိရသည်။
ရမည်းသင်းမြို့နယ် စီပင်စိုက်ပျိုးရေးခြံတွင် ငရုတ်သီးနှံကို ဒေသနှင့် သင့်တော်သော အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်း မျိုးများ ရရှိရန်အတွက် ငရုတ်မျိုးများ၏ ကြီးထွားမှုနှင့် အထွက်နှုန်းပေါ်မူတည်၍ အရည်အချင်း လက္ခဏများအား လေ့လာခြင်းနှင့် ရွေးချယ်ခြင်း သုတေသန စမ်းသပ်ဆောင်ရွက်ခြင်းကို ငရုတ်မျိုး(၁၈)မျိုးအား(၄၅)ရက် ပျိုးထောင်ပြီး ပင်ကြားတန်းကြား နှစ်ပေခွဲ၊ သုံးပေ အကွာအဝေးဖြင့် ရိုးရိုးစမ်းသပ်ကွက် ပုံစံဖြင့် သုတေသနပြု စိုက်ပျိုးကြောင်း သိရသည်။
နှစ်စဉ် ရမည်းသင်းမြို့နယ်အတွင်း ငရုတ်စိုက်ပျိုးဧရိယာ ဧက ၃၆၀ဝ၀ဝ ခန့် စိုက်ပျိုးလျက်ရှိပြီး ရေ၊ မြေ၊ ရာသီနှင့် ကိုက်ညီသော အထွက်နှုန်းကောင်း၊ အရည်အသွေးကောင်း၊ ရောဂါဒဏ်ခံနိုင်ရည်ရှိသည့် မျိုးများအား ဖြန့်ဖြူးနိုင်ရန်အတွက် ငရုတ်မျိုး တစ်မျိုးချင်းစီအလိုက် အပင်ပိုင်းဆိုင်ရာ လက္ခဏများ အပါအဝင် အထွက်နှုန်းနှင့် အထွက်နှုန်းမိတ်ဖက် (တစ်ပင်ပါသီးတောင့်၊ အသီးအလေးချိန်၊ အကွက်ငယ် အထွက်နှုန်း) အစရှိသည်တို့ကို သုတေသန မှတ်တမ်းများ ကောက်ယူသွားမည်ဖြစ်ကြောင်း ရမည်းသင်းမြို့နယ် စီပင်စိုက်ပျိုးရေး သုတေသနခြံ တာဝန်ခံ အရာရှိ ဒေါ်ပပအေးက ပြောသည်။
ဇော်ဝင်းအောင်


