မန္တလေး ၄  အောက်တိုဘာ

ရမည်းသင်းမြို့အဝင်တွင် COVID-19 ထောက်ခံစာ မပါသည့် ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ၁၃ ဦးကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေများဖြင့် ဖမ်းဆီးထားကြောင်း ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

 

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ သဲကွဲကျေးရွာ စစ်ဆေးရေးဂိတ်တွင် ကားသမားများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ နှစ်ပတ်အတွင်းထုတ်ပေးထားသည့် COVID-19 Negative ဖြစ်ကြောင်း ထောက်ခံချက်ပါမှသာ ခွင့်ပြုမည်ဖြစ်ပြီး ထောက်ခံချက်မပါသည့် ယာဉ်များကို ခွင့်ပြုပေးမည်မဟုတ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ရာ ယာဉ်မောင်းအချို့က လက်ခံကျေနပ်မှု မရှိ၍ ကားဟွန်းများတီးကာ သတ်မှတ်ယာဉ်မောင်းနှုန်းထက်ကျော်၍ မောင်းနှင်သွားသောကြောင့် မြို့နယ်ရဲတပ်ဖွဲ့နှင့်ချိတ်ကာ ဖမ်းဆီးထားကြောင်း သိရသည်။

 

"သူတို့က ခင်ဗျားတို့လုပ်ချင်ရာလုပ် ကျွန်တော်တို့လည်း လုပ်ချင်ရာလုပ်မယ်ဆိုပြီး ကားပေါ်တက်သွားပြီး ဟွန်းတွေတီးတယ် " ဟု ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်က ပြောသည် ။

 

အဆိုပါ ယာဉ်များကို ရမည်းသင်းမြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာအနီးရှိ ယုဇနတိုးဂိတ် တွင်ပြန်လည် တွေ့ရှိခဲ့ပြီး Swat နမူနာရယူစစ်ဆေးထားသည့် ကျန်းမာရေးထောက်ခံစာနှင့် သဲကွဲစစ်ဆေးရေးဂိတ်၏ ယာဉ်ဖြတ်သန်းခွင့်လက်မှတ် မပါရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် အရေးယူရန်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မော်တော်ယာဉ်မောင်း ၁၃ ဦး ကို ရမည်းသင်းမြို့မရဲစခန်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

 

မန္တလေးတိုင်းဒေသကြီးသို့ ဝင်ရောက်မည့် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအနေဖြင့် နှစ်ပတ်အတွင်း ကျန်းမာရေးဌာနမှ ရောဂါကင်းရှင်းကြောင်း အသိအမှတ်ပြု ထောက်ခံစာပါမှသာ ဝင်ခွင့်ပြုမည်ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့ကကြေညာချက်ထုတ်ပြန်ထားသည်။

ဖြိုးအိ