ကလော၊ ၁၁ ဒီဇင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများဖြစ်သည့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည် နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်ဥပဒေချုပ် ဦးတင်ဦးနှင့်တာဝန်ရှိသူများ သည် ဟဲဟိုးမြို့၊ အင်းခေါင်းဆည်သို့ ယနေ့နံနက် ၁၁ နာရီခန့် ရောက်ရှိကာ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားတက်ရောက်၍ အင်းခေါင်းဆည်ထဲသို့ ရွှေဝါငါးကြင်း ကောင်ရေ တစ်သိန်း၊ ငါးမြစ်ချင်း ကောင်ရေ ၂၅၀၀၊ ငါးခုံးမကြီး ၂၂၀၀၊ စုစုပေါင်း ငါးကောင်ရေ တစ်သိန်းခွဲ ငါးမျိုးစိတ်ထည့်ခဲ့ ကြောင်းသိရသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန ဟဲဟိုးဉယျာဉ်ခြံတွင် ကြက်သွန်ဖြူစိုက်စက်ဖြင့် စိုက်ပျိုးနည်းများကို ကြည့်ရှုခြင်း၊ ဟဲဟိုးဉယျာဉ်ခြံအတွင်း စိုက်ပျိုးထားသည့်စိုက်ခင်းများ လှည်လည်ကြည့်ရှုခဲ့ရာ တာဝန်ရှိသူက ဆောင်ရွက်ထားရှိမှု အခြေအနေများ အား ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲ ၁ နာရီခန့်က အောင်ပန်းမြို့ စိုက်ပျိုးရေးသုတေသနခြံသို့ ရောက်ရှိခဲ့ရာ အောင်ပန်းစိုက်ပျိုးရေးခြံမန်နေဂျာ ဒေါက်တာ ဝင်းဝင်းနွယ်က လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ်က လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အားလူးပိုးမွှားသန့်စင် ဓါတ်ခွဲခန်း နှင့်မျိုးအာလူးများစိုက်ပျိုးထားရှိမှုတို့ကို လည်းကောင်း၊ ပဲပုပ် မျိုးကောင်းမျိုးသန့် ထုတ်ရခြင်းနှင့် ပတ်သက်၍ တာဝန်ရှိသူက ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ကလောမြို့နယ် လွယ်အံကျေးရွာ အုပ်စု အင်းပြင်ကျေးရွာ၊ ရွှေစာစီခန်းမတွင် ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်း က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ၊ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သော လွယ်အံကျေးရွာအုပ်စု၊ အင်းပြင်ကျေးရွာ ဘတ်စုံသုံးခန်းမ တည်ဆောက်ခြင်း လုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရသည်။
ကျော်ဝင်း(ပြန်/ဆက်)


