နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း တည်ထားကိုးကွယ်သည့် အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးနှင့် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို
နေပြည်တော် မေ ၁၁
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည့် ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာ တောရပဓာနနာယက အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ ဝစီပိတ်ဆရာတော်နှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် ကောင်စီတွဲဖက် အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ဗုဒ္ဓဥယျာဉ် ဝတ္ထု ကံတော်ရှိ အဘယရာဇမုနိရုပ်ပွား တော်မြတ်ကြီးနှင့် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးတို့သို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။
လှည့်လည်ကြည်ညို
ဦးစွာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် အဘယ ရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူပူဇော်ကြပြီး စေတီတော်ကြီးအား လက်ယာရစ် လှည့်လည်ဖူးမြော်ကာ စေတီတော် လိုဏ်အတွင်း စကျင်ကျောက်များဖြင့် ထုဆစ်ပူဇော်ထားရှိသည့် ဗုဒ္ဓဝင်များကို လှည့်လည်ကြည်ညိုကြသည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓဥယျာဉ်တော် View Point နေရာမှ ကျိုင်းတုံ ဒေသရှုခင်းများကို ကြည့်ရှုကြပြီး သီလဓမ္မ ကုသိုလ်ဖြစ်ဆေးခန်း ဆောင်ရွက်ထားရှိမှုနှင့် သီလဓမ္မ ဆေးရုံတော် တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြား သည်။
ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော် အတွင်းရှိ သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီးသို့ ရောက်ရှိကြပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူပူဇော်ကြသည်။
ပေးအပ်လှူဒါန်း
ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့ သည် မဟာဗောဓိစေတီတော်မြတ် ကြီး ဘက်စုံထိန်းသိမ်းဆောင်ရွက် ရန် အတွက် စုပေါင်းအလှူတော်ငွေ များကို ပေးအပ်လှူဒါန်းရာ ဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ကြည်က လက်ခံရယူသည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးအထက် ပစ္စယံရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုကာ စေတီတော်ကြီးအား လက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညိုကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓမြတ်စွာဘုရား၏ ဖြစ်တော်စဉ် ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယ လေးဌာနတို့အား လှည့်လည်ဖူးမြော်ကြည်ညိုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော်အတွင်း တည်ထားကိုးကွယ်မည့် လောကသရဖူ ဘုရားကြီး တည်ဆောက်ရေးလုပ်ငန်းသို့ ရောက်ရှိကြပြီး တည်ထားကိုးကွယ်ရန် အတည်ပြုနေရာ ဆောင်ရွက်ထားရှိမှု၊ ကျောက်ထုတ်လုပ်ရေး စက်ရုံမှ ဘုရားတည်ဆောက်ရေးအတွက် ကျောက်များထုတ်လုပ် ထားရှိမှု၊ လောကသရဖူဘုရားကြီး၏ ပုံတူပုံစံငယ် လျာထားပူဇော် ထားရှိမှု အခြေအနေများကို ကြည့်ရှုပြီး ဝစီပိတ်ဆရာတော်ကြီး၏ မိန့်ကြားမှုများအပေါ် လိုအပ်သည်များ တင်ပြလျှောက်ထားကာ တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်နေမှု တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။
အဆိုပါ ကျိုင်းတုံမြို့ အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာ ပန်ကွဲကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ် ပရိဝုဏ်တော်အတွင်း၌ အဘယ ရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသအေးချမ်းသာယာမှုရှိစေရန်၊ ထေရဝါဒဗုဒ္ဓဘာသာ တည်တံ့ခိုင်မြဲစေရန်နှင့် ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ ဦးစွာ တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ ရှမ်းပြည်နယ် (အရှေ့ ပိုင်း) ဒေသနှင့် အနီးဝန်းကျင်မှ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးများ အနေဖြင့် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာရှိ သတ္တသတ္တာဟ မဟာဗောဓိစေတီ တော်မြတ်ကြီးကို ဒေသအတွင်း၌ပင် ရည်စူးဖူးမြော်နိုင်စေရန် ရည်ရွယ်၍ ဝစီပိတ်ဆရာတော်ကြီး ကိုယ်တိုင် ဦးဆောင်ပဓာန ကမကထပြုကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမှူးပြုသည့် စေတနာရှင်အလှူရှင်များ၊ ဒေသခံ တိုင်းရင်းသားပြည်သူများ၏ စုပေါင်းလှူဒါန်းမှုများဖြင့် တည်ဆောက်ပူဇော်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုဆက်လက်၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသနှင့် ကျိုင်းတုံဒေသအတွင်း သာသနာတော် ထွန်းကားပြန့်ပွား ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
