နေပြည်တော် ဖေဖော်ဝါရီ ၂၅
နိုင်ငံတော် အစိုးရနှင့် တပ်မတော်အနေဖြင့် မူးယစ်ဆေးဝါးများတားဆီးနှိမ်နင်းရေး လုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ နိုင်ငံတစ်ဝန်းမူးယစ် ဆေးဝါးထုတ်လုပ်မှုနှင့် တရားမဝင်ရောင်းဝယ်မှုများ တားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၂၄ ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် မိုင်းခုတ်မြို့အနီး၌ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၏ အနောက်မြောက်ဘက် ၃၀ ကီလိုမီတာ ခန့်အကွာ၌ မူးယစ်ဆေးဝါးများထုတ်လုပ်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေရှင်းလင်းခြင်းများ သွားရောက်ဆောင်ရွက်ရာ ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မိုင်းဆတ်မြို့နယ် မိုင်းခုတ်မြို့၏ အရှေ့တောင်ဘက် ၁၉ ကီလိုမီတာ (ဝမ်လုံးကျေးရွာ၏ တောင်ဘက် ၈ ကီလိုမီတာခန့်) အကွာနေရာ၌ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများဖြစ်သော Promethazine တံဆိပ်ပါ ချောင်းဆိုးပျောက်ဆေးရည်ဘူး ၁၀၀ (၅၀ ဘူးစီပါ နှစ်ဖာ)၊ Food Colour တံဆိပ်ပါ အပြာရောင်ဆေးဘူး အကြီး ၁၈ ဘူးနှင့် ဘူးအသေး ၄၁ ဘူး၊ စိစစ်ဆဲ ဆေးရည်ပုလင်းအသေး အလုံး ၅၀၀၊ မျောက်ခေါင်း တံဆိပ်ပါအနံ့ ဆေးရည် ၁၅ ဖာ (တစ်ဖာလျှင် ဘူး ၂၀ ခန့်)၊ စိစစ်ဆဲအဖြူရောင်အမှုန့် ဆာလာအိတ်တစ်ဝက်ခန့်စီပါ ခြောက်အိတ်၊ ဘိန်းမည်း သုံးထုပ်၊ ဘိန်းဖြူဘလောက်တုံး တစ်တုံး၊ စိစစ်ဆဲ အနက်ရောင်အထုပ် တစ်ထုပ်၊ အဖြူရောင်ပုံဆောင်ခဲ တစ်ကီလိုဂရမ်စီပါ ကိုးထုပ်၊ တိပ်ဝါများ ပိတ်ထားသည့် WY ဆေးပြား ၆၀၀၀ ခန့်ပါ ၁၂ စည်း၊ ၉၉၉ တံဆိပ်ပါ တိပ်ဝါပတ်လျက် WY ဆေးပြား ၁၀၀၀၀ ခန့်ပါ ၁၀ စည်း၊ ထုပ်ပိုးရခြင်းမရှိသေးသည့် WY ဆေးပြား ဆာလာအိတ် တစ်ဝက်ခန့်စီပါ ၁၂ အိတ်၊ ဆာလာအိတ်တစ်ဝက်ခန့်စီ ထည့်ထားသော WY ဆေးပြားထုတ်လုပ်ရာတွင် အသုံးပြုသည်ဟု ယူဆရသည့် ဆေးမှုန့် ၁၂ အိတ်၊ ရိုက်တံမို နှစ်ဖာနှင့် ဆက်စပ်ပစ္စည်းများ ထည့်သွင်းထားသည့် အပြာရောင် ဘူးကြီး ၁၄ ဘူး၊ ကီလိုချိန်စက် သုံးလုံး၊ မီးစက်အကြီး တစ်လုံး၊ မွှေစက်အသေး သုံးလုံးနှင့် အခြောက်ခံဗန်း ဆိုဒ်စုံ ၃၂ ခု တို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား ပညာရှင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် အသေးစိတ်စစ်ဆေး၍ လုပ်ထုံးလုပ်နည်းနှင့် အညီ သက်ဆိုင်ရာ ဌာနများသို့ လွှဲပြောင်းအပ်နှံခြင်း၊ စနစ်တကျ မီးရှို့ဖျက်ဆီးခြင်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပါဝင်ပတ်သက်သူများအား စနစ်တကျ စိစစ်ဖော်ထုတ်ကာ ထိရောက်စွာ အရေးယူဆောင်ရွက်ခြင်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ကုလသမဂ္ဂ အပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ ပိုမိုတိုးမြှင့် ဆောင်ရွက်လျက်ရှိသည့်အပြင် ဒေသတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ တွင်ပါဝင်သည့် ဘိန်းခင်းများဖျက်ဆီးခြင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်နိုင်သည့် နေရာများအား ရှာဖွေဖော်ထုတ် ဖမ်းဆီးခြင်း၊ ကျောင်းသားလူငယ်အရွယ်များမှ စတင်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းစသည့်လုပ်ငန်းစဉ်များကို ဒေသခံပြည်သူ လူထုနှင့်လက်တွဲ၍ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယခုသိမ်းဆည်းရမိ သည့်မူးယစ်ဆေးဝါးများ ချက်လုပ်ရာတွင် အဓိကပါဝင်ပတ်သက် လျက်ရှိသည့် အဖွဲ့အစည်းများကိုလည်း ထိရောက်ပြင်းထန်စွာအရေးယူခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


