နေပြည်တော်၊ ဇူလိုင် ၁၁
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငွေကျပ် ၁ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၃၀၀ ၊ အလေးချိန် ၁၀၅ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၉ ရက် ညနေ ၅ နာရီခွဲတွင် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် သတင်းအရ စောင့်ဆိုင်းနေစဉ် ကြိုတင်သတင်းရရှိထားသည့် စိုင်းဝဏ္ဏ၊ ညီလင်း (ခ) အိုက်ထွန်းနှင့် အောင်ဝင်းတို့ ၃ ဉီးသည် TOYOTA CROWN မော်တော်ယာဉ် ၂ စီးဖြင့် ရောက်ရှိလာ၍ ရှာဖွေစစ်ဆေးခဲ့ရာ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၅၇၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ဘလောက်တုံး ၃၀၀ ၊ အလေးချိန် ၁၀၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူ ဘလောက်တုံးများကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်မှ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်