နေပြည်တော် ၂၅ မတ်
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် CMRS ဖြင့် သတင်းပေးပို့ချက်အရ မတ် ၁၈ ရက်မှ ၂၁ ရက်တွင် နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ရာ ရှမ်း ပြည်နယ်၊ မိုင်းဆတ်မြို့နယ်၊ မယ်နင်အုပ်စု၊ နောင်ဖာကျေးရွာ အရှေ့ဘက်မှကား(၂)စီး၊ ဘတ်ဟိုး (၁)စီး၊ ဆိုင်ကယ်(၃)စီး၊ တရားမဝင် ပိတောက်စကွဲယား (၁၉၆)တုံး(၁၈ ဒသမ ၆၅၆၂)တန်အား လည်းကောင်း၊

မဘိမ်းမြို့နယ်၊ နမ့်ဟွန်ကျေးရွာအနောက်မြောက်ဘက် (၂)မိုင်ခန့်အကွာမှ တရားမဝင် ကျွန်းသစ်/ခွဲသား (၂၁၉၇) လုံး/ချောင်း (၉ ဒသမ ၄၅၅၄) တန်၊ အင်ဂျင်(၁)လုံး၊ ဒိုင်နမို(၁)လုံး၊ လွှဝိုင်း(၄)ချပ်၊ သစ်ဖြတ်မော်တာ(၁)လုံးအားလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူး မြို့နယ်၊ တင်းဝါးကြိုးဝိုင်းနှင့် ကန္တီကြိုးဝိုင်း၊ ကျွန်းလှမြို့နယ်၊ နန်းဘရန်း ကြိုးဝိုင်းတို့အတွင်းမှ တရားမဝင် သစ်စက်(၄)လုံးနှင့် ကျွန်း/ပျဉ်းကတိုးခွဲသား စုစုပေါင်း (၅၄ ဒသမ ၁၅၅၈)တန်အား လည်းကောင်း၊

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရိုးမကြိုးပြင် ကာကွယ်တောအတွင်းမှ တရားမဝင် ကျွန်းသစ်/ခွဲသား/ လုံးပတ်၃ပေအောက်သစ် စုစုပေါင်း (၆၂)လုံး/ချောင်း (၆ ဒသမ ၃၇၀၀)တန် အား လည်းကောင်း၊ မတ် ၂၂ ရက်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ နောင်နန်း ကျေးရွာ SANYOSEP ကျမ်းစာသင်ကျောင်းအနီးဝန်းကျင်မှ အခြား သစ်/ခွဲခြမ်းစုစုပေါင်း (၃၇)လုံး/ခြမ်း (၃၆ ဒသမ ၅၄၄၀)တန်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့သည်။

အလားတူ မတ် ၂၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊အမှတ် (၁၈) ရပ်ကွက်၊ ငွေတောင်ဦးကျောင်းတိုက်တွင်း ဝင်ရောက်ရှာဖွေရာ Nissan (၁၀)ဘီးယာဉ်အမှတ် MDY- 8L- --- ပေါ်တွင် တရားမဝင် ကျွန်းခွဲသား/ပျဉ်းကတိုးခွဲသား/ ကျွန်းတံခါးရွက်/ ပျဉ်းကတိုးပွတ်လုံး/ ပျဉ်းကတိုး ကျည်းဘောင်စုစုပေါင်း (၆ ဒသမ ၅၄၉၆)တန်၊ ပြစ်မှုကျူးလွန်သူ(၂)ဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတုိ့အား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
(မောင်လူမော်)