မိုင်းယောင်း ၁ မတ်
ရှမ်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံသည် ဒေသဖွံ့ဖြိုးရေးအတွက် တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်မန်းကျေးရွာအုပ်စုရှိ ဝမ်တုံ့ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာ၌ နေထိုင်ကြသည့် ဒေသခံပြည်သူများနှင့် မတ်လ ၁ ရက် မွန်းလွဲ ၂ နာရီက ဝမ်တုံ့ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ တွေ့ဆုံခဲ့သည်။
လူထုတွေ့ဆုံပွဲတွင် ရှမ်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံသည် ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်က ဒေသအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ကဏ္ဍအလိုက် ဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ဒေသအတွင်း ကျေးရွာချင်းဆက်လမ်းများ အဆင့်မြှင့်တင်ရန် လိုအပ်မှု၊ စိမ့်စမ်းရေ လိုအပ်မှု၊ ပညာရေးကိစ္စများနှင့် ကျေးရွာများအတွက် လိုအပ်သော မီးလင်းရေးလုပ်ငန်းများ စသည့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးက သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အားချာ(ပြန်/ဆက်)


