mdn

တောင်ကြီး   အောက်တိုဘာ  ၈

ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၁)နှင့် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၁)ကို အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက “လယ်ယာမြေ လုပ်ပိုင်ခွင့် အငြင်းပွားမှု ကိစ္စရပ်များနှင့် ပတ်သက်၍ အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်နေသော မူလပိုင်ရှင် တောင်သူများအား နစ်နာမှုမရှိစေရေး ဘက်မလိုက်ဘဲ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်က မှန်မှန်ကန်ကန် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေရှင်းပေးနိုင်ရေးအတွက် ရပ်/ကျေး အုပ်စုနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များတွင် တောင်သူလယ်သမား ကိုယ်စားလှယ်များ၊ ဒေသခံ ရပ်မိရပ်ဖများကိုလည်း ပိုမိုတိုးချဲ့ ထည့်သွင်းဖွဲ့စည်း တာဝန်ပေးအပ် ထားပြီးဖြစ်ကြောင်း၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်မှုလယ်ယာစနစ်မှ ခေတ်မီစက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရာတွင် လိုအပ်သည့် လယ်ယာသုံးစက်နှင့် စက်ကိရိယာများ ထားရှိခြင်း၊ ဆန်စက်များ၊ ဆီစက်များ၊ ပဲခွဲစက်များစသည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးနှင့် သက်ဆိုင်သောစက်ရုံများ၊ သီးနှံသိုလှောင်သည့် ဂိုဒေါင်များ၊ လိုအပ်သော ကုန်ထုတ်လမ်းများနှင့် အခြေခံအဆောက်အအုံများ တည်ဆောက်သည့် ကိစ္စရပ်များကိုလည်း အလေးထားဆောင်ရွက်ရန်၊ စားနပ်ရိက္ခာဖူလုံရေးအတွက် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း ပိုမိုတိုးတက်အောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း” ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ လယ်ယာမြေ စီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဝင်းက လယ်ယာမြေ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၁) ဆုံးဖြတ်ချက်များနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၁) ဆုံးဖြတ်ချက်များအား အတည်ပြုခြင်းဆောင်ရွက်ပြီး ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၁) တင်ပြချက်များနှင့် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၁) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်ကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်စကား ပြောကြားခဲ့သည်။

မောင်မောင်သန်း(တောင်ကြီး)