လားရှိုး   ၊  ၁၁   ဒီဇင်ဘာ

 

ကိုဗစ်-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ရန်ကုန်မြို့သို့ သွားရောက်ကူညီ တာဝန် ထမ်းဆောင်ရန်  ပြည်နယ်ပြည်သူ့ဆေးရုံကြီး(လားရှိုး)မှ မေ့ဆေးအထူးကုဆရာဝန်တစ်ဦးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ နေရာဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော သူနာပြု 20 မှာ ဒီဇင်ဘာ ၁၀ ရက်နေ့ ညနေ 5 နာရီအချိန်က စတုတ္တအသုတ်အဖြစ် လားရှိုးမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။

 

ကိုဗစ်-19 ရောဂါ ကူးစက်ခံရသူများအား ပြုစုကုသနိုင်ရေးအတွက် ရန်ကုန်မြို့သို့ သွားရောက်ကြမည့် သူနာပြု 20 ကို ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီအချိန်က လားရှိုးမြို့ရှိ ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူး ရုံးခန်းမ၌ တွေ့ဆုံရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)ပြည်နယ် ပြည်သူ့ ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာနမှူး  ဒေါက်တာတင်မောင်ညွန့် ၊လားရှိုးပြည်သူ့ဆေးရုံအုပ်ပြီး ဒေါက်တာဉာဏ်မြင့် နှင့်တာဝန်ရှိသူများက ဂုဏ်ပြုအားပေးစကားများ ပြောကြားသည်။

 

ယင်းနောက် ခရီးစဉ်အတွင်း အသုံးပြုရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၏ ကြီးကြပ်မှုဖြင့် ကမ္ဘောဇ ဘဏ်လီမိတက်မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ကျန်းမာရေးဝန်ထမ်းများအတွက်  ထောက်ပံ့ငွေ တစ်ဦးလျှင် ကျပ်နှစ်သိန်း၊မြန်မာနိုင်ငံဆရာဝန်အသင်း(လားရှိုး)မှ နှစ်သိန်းကျပ်ကို ထောက်ပံ့ပေး သွားမည်ဖြစ်ပြီး  ၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကိုဗစ်-19 ကာကွယ်ရေး ပစ္စည်းများကို  ပေးအပ်ခဲ့ကြသည်။

 

ရန်ကုန်မြို့သို့ သွားရောက်ကူညီတာဝန်ထမ်းဆောင်ကြမည့် ကျန်းမာရေးဝန်ထမ်းများမှာ  ပြည်နယ် ပြည်သူ့ ဆေးရုံကြီး(လားရှိုး)မှ မေ့ဆေးအထူးကုဆရာဝန်တစ်ဦး ၊ သူနာပြု 20 ဦးမှာ နောင်ချိုမြို့နယ်မှ (၂)ဦး၊ ဟိုပန်မြို့နယ်မှ(၂)ဦး၊ ကွတ်ခိုင်မြို့နယ်မှ (၂)ဦး၊ မိုင်းရယ်မြို့နယ်မှ(၂)ဦး၊ တန့်ယန်းမြို့နယ်မှ(၂)ဦး၊ မိုးမိတ်မြို့နယ်မှ(၂)ဦး၊သိန္နီမြို့နယ်မှ(၂)ဦး၊ မဘိမ်းမြို့နယ်မှ(၂)ဦး၊ ကွမ်းလုံမြို့နယ်မှ(၂)ဦး၊လောက်ကိုင် နှင့်  နမ့်ဆန်မြို့နယ်တို့မှ(၁)ဦးစီ တို့ ဖြစ်ကြောင်း သိရသည်။

 

စိုင်းထွန်း(  ပြည်နယ် ပြန်/ဆက်)