နေပြည်တော် ဧပြီ ၅

 

မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထား တိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ အဆိုပါ ဒုစရိုက်မှုနှိမ်နင်းရေးလုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ အွန်လိုင်းလိမ်လည် လောင်းကစားမှုများကို လက်ခံနိုင်ခြင်းမရှိသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုများနှင့်အတူ လုံခြုံရေးပူးပေါင်းအဖွဲ့များက အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ကိုင်သူများ ဝင်ရောက်အခြေပြုနေထိုင်ခြင်း မရှိစေရန်အတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်အတွင်း လိုအပ်သည့် စုံစမ်းစစ်ဆေးခြင်းနှင့် ရှာဖွေဖော်ထုတ်ခြင်းများကို လုပ်ဆောင်စဉ် အဆိုပါမြို့၏ အရှေ့မြောက်ဘက် မီတာ ၂၅၀၀၀ ခန့်အကွာ ကောင်းဆန်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူများ၊ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် လုပ်ငန်းသုံးပစ္စည်းများနှင့် နေထိုင်အသုံးပြုလျက်ရှိသည့် အဆောက်အအုံများကို ရှာဖွေဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည့် သတင်းအား ဧပြီ ၄ ရက်တွင် ထုတ်ပြန်ပြီးဖြစ်ပါသည်။ 

 

ယနေ့ ဧပြီ ၅ ရက်တွင်လည်း လုံခြုံရေးပူးပေါင်းအဖွဲ့များက အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်သူများ ဝင်ရောက်အခြေပြုနေထိုင်ခြင်း မရှိစေရန်အတွက် ဆက်လက်ရှာဖွေဖော်ထုတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ကောင်းဆန်ကျေးရွာ အနီး ယမန်နေ့က ဖမ်းဆီးရမိခဲ့သည့် နေရာ၏ မြောက်ဘက်မီတာ ၁၂၀၀ ခန့်အကွာ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် တရုတ်နိုင်ငံသား အမျိုးသား နှစ်ဦးအား ထပ်မံတွေ့ရှိ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။

 

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်ပါဝင်သည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

သတင်းစဉ်