နေပြည်တော် ဧပြီ ၄

 

မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ အဆိုပါဒုစရိုက်မှုနှိမ်နင်းရေး လုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို လက်ခံနိုင်ခြင်းမရှိသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုများနှင့်အတူ လုံခြုံရေးပူးပေါင်းအဖွဲ့များက အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်သူများ ဝင်ရောက်အခြေပြုနေထိုင်ခြင်း မရှိစေရန်အတွက် ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်အတွင်း လိုအပ်သည့် စုံစမ်းစစ်ဆေးခြင်းနှင့် ရှာဖွေဖော်ထုတ်ခြင်းများကို လုပ်ဆောင်စဉ် အဆိုပါမြို့၏ အရှေ့မြောက်ဘက် မီတာ ၂၅၀၀၀ ခန့်အကွာ ကောင်းဆန်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစား လုပ်ကိုင်သူများ နေထိုင်အသုံးပြုလျက်ရှိသည့် အိပ်ဆောင် သုံးလုံး၊ အလုပ်ရုံ နှစ်လုံး၊ စားသောက်ခန်း တစ်လုံး၊ မီးဖိုဆောင် နှစ်လုံးနှင့် ဆောက်လုပ်ဆဲ အဆောက်အအုံ ၁၅ လုံးတို့ကို ရှာဖွေဖော်ထုတ် တွေ့ရှိခဲ့ပြီး ၎င်းအဆောက်အအုံများအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်လျက်ရှိသည့် တရုတ်နိုင်ငံသား အမျိုးသား ၁၀၀၊ အမျိုးသမီး တစ်ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ရှစ်ဦး စုစုပေါင်း ၁၂၁ ဦးတို့အား All in One ကွန်ပျူတာ နှစ်လုံး၊ Desktop ကွန်ပျူတာ တစ်စုံ၊ Laptop ၂၁ လုံး၊ ဖုန်းမျိုးစုံ ၁၁၈ လုံး၊ Starlink ၁၆ ခု၊ Wireless Router ၁၃ လုံး၊ မီးစက် နှစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

ထို့ပြင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ စွမ်‌စော်ရပ်ကွက် မန်ဝိန်းနယ်မြေအတွင်း အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ကိုင်သူများ ရောက်ရှိနေကြောင်း သတင်းအရ ယနေ့ ညနေပိုင်းတွင် သွားရောက်ရှာဖွေ စစ်ဆေးခဲ့ရာ မန်ဝိန်းနယ်မြေအတွင်းမှ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ကိုင်သူ တရုတ်နိုင်ငံသား အမျိုးသား ခုနစ်ဦးအား ဖုန်းမျိုးစုံ ၃၆ လုံး၊ ကွန်ပျူတာ ၂၃ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိ ဆက်စပ်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ 

 

နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

သတင်းစဉ်