နေပြည်တော် ၁၂ ဒီဇင်ဘာ
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်တို့တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ငွေကျပ်သိန်း ၆,၅၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီခန့်တွင် မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ သိန်းသန်းချီ ကားဝင်း အတွင်းတွင် လူမဲ့တန်ဆာ ပစ္စည်းများကို စစ်ဆေးနေစဉ် ယောဟန် ဆိုသူမှ မူဆယ်မှ မန္တလေးမြို့သို့ ပို့ဆောင်ရန် အပ်နှံထားသည့် စက္ကူဂျပ်ဖာများဖြင့် ထည့်ထားသော ရေပူ/ရေအေးစက် ၁၁ လုံးအား မသင်္ကာဖွယ် တွေ့ရှိသဖြင့် ဖွင့်ဖောက်စစ်ဆေးရာ ရေပူ/ရေအေးစက်များအတွင်းမှ ဘိန်းဖြူ ၈ ဒသမ ၈ ကီလို သိမ်းဆည်းရမိခဲ့သည်။
ယင်းအား စစ်ဆေးချက်အရ သိမ်းဆည်းရမိသော ဘိန်းဖြူများကို ဘောက်လာ(ခ)မိုးတိမ်မှ မန္တလေးမြို့သို့ ပို့ဆောင်ခိုင်းခြင်းဖြစ်ကြောင်း သိရှိရသဖြင့် မွန်းလွဲ ၂ နာရီခွဲ ခန့်တွင် ဘိန်းဖြူများအား လက်ခံမည့် ကျော်ကျော်စိုးနှင့် ကျော်ဇင်ဝိုင်းတို့ ငှားရမ်းနေထိုင်သည့် မန္တလေးမြို့၊ မဟာအောင်မြေ မြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်၊ အပိုင်း(၆)၊ အောင်ကမ္ဘာလမ်းသွယ်၊ အိမ်အမှတ်(၁၇၃)ရှိ နေအိမ်ခန်းအားရှာဖွေရာ ၎င်းတို့အားမတွေ့ရှိဘဲ ရေပူ/ရေအေးစက် ၁၁ လုံးအတွင်းမှ ဘိန်းဖြူ ၈ ဒသမ ၆၈ ကီလို စုစုပေါင်း ငွေကျပ်သိန်း ၆,၅၀၀ ကျော် သိမ်းဆည်းရမိသဖြင့် ယောဟန် (၂၈)နှစ်၊ ကျော်ကျော်စိုး(ဖမ်းမမိ)၊ ကျော်ဇင်ဝိုင်း (ဖမ်းမမိ)၊ ဘောက်လာ(ခ)မိုးတိမ် (ဖမ်းမမိ) တို့အား ဥပဒေအရအရေးယူထားရှိကြောင်း သိရသည်။
သတင်းစဉ်