နေပြည်တော် စက်တင်ဘာ ၂၈
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဒေါ်ခင်သင်းဝေတို့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ဟိုပုံးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်လည်းကောင်း သီးခြားစီ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လက်ရှိ ဆောင်ရွက်လျက်ရှိသော မဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်ရေး၊ မဲဆန္ဒနယ်အတွင်းနှင့် မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲပေးခြင်း၊ မဲဆန္ဒရှင် အသိပညာပေးခြင်း၊ မဲဆွယ်စည်းရုံးခြင်းနှင့် ရလဒ်ထုတ်ပြန်ခြင်းဆိုင်ရာများ၊ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်နှင့် မဲရုံမှူး၊ မဲရုံ အဖွဲ့ဝင်များ သင်တန်းပေး လေ့ကျင့်ရေးနှင့် လုံခြုံရေး၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့်နှင့် သတင်း ရယူခွင့်ဆိုင်ရာများ၊ ဆက်လက်ဆောင်ရွက်ရမည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသနှင့် မြို့နယ်အလိုက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း တင်ပြကြပြီး တက်ရောက်လာသူများက ဖြည့်စွက်ဆွေးနွေးကာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်က သက်ဆိုင်ရာ လုပ်ငန်းစဉ်အလိုက် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


