တောင်ကြီး  ၁၈  ဇွန်

 

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်သန်းထူးနှင့်​ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်း၊ ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီဝင်များ၊ ပရဟိတအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဆီ ဆိုင်မြို့ နယ်ဆိုက်ခေါင်ဒေသသို့ သွားရောက်၍ စားနပ်ရိက္ခာများ ဆက်လက်ထောက်ပံ့ပေး အပ်လှူဒါန်းသည်။

 

ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီး ဥက္ကဌနှင့်အဖွဲသည် ဆိုက်ခေါင်၊ ပါလောပါကယ်ကျေးရွာအုပ် စုအတွင်း ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိသော တံတားဦးရပ်ကွက်နှင့် ညောင်ပင်သာ ရပ်ကွက်ရှိ အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်၊ ရိက္ခာထုပ်များနှင့် ငွေကျပ်သိန်း (၂၀)တို့ကို ထောက်ပံ့ပေးအပ်လှူဒါန်းသည်။

 

ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌနှင့်အဖွဲ့သည် ဆိုက်ခေါင် ကျေးရွာအတွင်းရှိ ပအိုဝ်းတိုင်းရင်းသား အခြေခံပြည်သူများအတွက် စားနပ်ရိက္ခာထုပ်များ နှင့်ငွေကျပ် ၁၀၀၀၀ စီတို့ကို ပေးအပ်လှူဒါန်းသည်။

 

ဆက်လက်၍ ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်းက ဆိုက်ခေါင်ကျေးရွာ အများပြည်သူ သောက်သုံးရေကန်နှင့်ရေချိုးဆိပ်ပြုပြင်တည် ဆောက်ရန်အတွက် ငွေကျပ် သိန်း(၁၅၀)ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ပြည်နယ် (ပြန် /ဆက်)