တောင်ကြီး ၂၅ ဧပြီ
ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီသို့ အလှူငွေ၊ ရိက္ခာနှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများလှူဒါန်းလျက်ရှိရာ ယနေ့တွင် ရတနာမြိုင်ဆောက်လုပ်ရေး (ရန်ကုန်မြို့)မှ ငွေကျပ် (၂၅)သိန်း၊ ဦးမောင်မောင်ထွေး+ မထွေးငယ် မိသားစုမှ ကြက်သွန်နီ ၁၀ ပိဿာ ၇ အိတ်နှင့် ကုလားပဲခြမ်း ၁ အိတ်၊ ဦးခွန်နေမျိုး+ဒေါ်နန်းခမ်းဗီး မိသားစုမှ အလှူငွေကျပ် (၁) သိန်း၊ မနန်းခမ်းအူမှ ငွေကျပ်(၁)သိန်း၊ ဦးမျိုးနိုင်+ ဒေါ်သန်းသန်းအေး (အေးသူဇာ စားသုံးဆီရောင်းဝယ်ရေးမိသားစု) မှ PPE Normal ၃၀ စုံနှင့် ဦးဇော်ဇော်ဦး+ ဒေါ်သက်သက်နွယ် မိသားစုမှ ကော်မတီရုံးခန်းတွင် အသုံးပြုရန်အတွက် ငွေကျပ် ၆၇၁၀၀၀ တန်ဖိုးရှိ ရုံးသုံးပစ္စည်း များကို အသီးသီး လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီအနေဖြင့် စေတနာရှင်၊ အလှူရှင်များက လာရောက်လှူဒါန်းသည့် အလှူငွေ၊ ရိက္ခာနှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကို တိုက်နယ်ဆေးရုံများ၊ ကျေးလက်ဆေးပေးခန်းများနှင့် ကျန်းမာရေး စောင့်ကြည့်စခန်းများအရောက် နေ့စဉ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ကော်မတီအနေဖြင့် စားနပ်ရိက္ခာအတွက် ဆန်၊ ဆီ၊ ပဲ၊ ဆား၊ ငရုတ်၊ ကြက်သွန် စသည့် ရိက္ခာများနှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ အမှန်တကယ်လိုအပ်သည့် ပြည်သူများထံ ထောက်ပံ့ပေးလျက်ရှိပြီး အရေးပေါ် အခြေအနေဖြစ်ပေါ်လာပါက ပြည်သူများအား ထောက်ပံ့ပေးနိုင်ရန် ရိက္ခာနှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားကြောင်း ယင်းကော်မတီမှ သိရသည်။
အေးအေးစိုး (ပြန်/ဆက်)


