တောင်ကြီး မတ် ၈

 

ရှမ်းပြည်နယ်တောင်ကြီးမြို့ရှိ အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) ၏ အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင် ဓာတ်ငွေ့ထုတ်လုပ်သည့် အလုပ်ရုံ (Air Separation Plant) စီးပွားဖြစ် စတင်လည်ပတ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ အလုပ်ရုံ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသွင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံခြားသားပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ TPE Co.,Ltd. မှ ပညာရှင်များက Liquid Nitrogen ( - 196 ဒီဂရီဆဲလ်စီးယပ်) ၏ ဂုဏ်သတ္တိကို စမ်းသပ်သရုပ် ဖော်ပြသပြီး ဒုတိယဝန်ကြီး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊ TPE Co.,Ltd. မှ ဒုတိယဒါရိုက်တာနှင့် အဖွဲ့ခေါင်ဆောင်တို့က အလုပ်ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အလုပ်ရုံ၏ ကမ္ပည်းမော်ကွန်းနှင့် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ ကမ္ပည်းမော်ကွန်းကြေးပြားကို အမွှေးနံ့သာရည် ပက်ဖျန်းပေးပြီး အလုပ်ရုံထိန်းချုပ်ခန်းအတွင်း စက်စမ်းသပ် လည်ပတ်မောင်းနှင်နေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

 

ယင်းနောက် ဒုတိယပိုင်း အစီအစဉ်ကို စက်ရုံရှင်းလင်း ဆောင်ခန်းမ၌ ဆက်လက်ကျင်းပရာ အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင် ဓာတ်ငွေ့ထုတ်လုပ်သည့် အလုပ်ရုံ ဆောင်ရွက်ခဲ့မှု မှတ်တမ်းအကျဉ်း Video Clip ကို ပြသသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ခေတ်အဆက်ဆက် ကြိုးပမ်းလာခဲ့သည့် သံမဏိစက်ရုံ တည်ဆောက်ရေး ရည်ရွယ်ချက်မှာ ယနေ့အချိန်တွင် အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့ပြီဖြစ်ကြောင်း၊ စက်ရုံ၏ အဓိက သံရည်ကျိုမည့်မီးဖိုကြီးအား လိုအပ်သော သံရည်ပျော်သည့် အဆင့်အထိရရှိနိုင်အောင် အထောက်အကူပြုမည့် အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင် ထုတ်လုပ်သည့် အလုပ်ရုံအား အောင်မြင်စွာ ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း၊ သံရည်ကျိုလုပ်ငန်း၏ အဓိက လိုအပ်ချက်ဖြစ်သည့် အောက်ဆီဂျင်ကို ယခုအလုပ်ရုံမှ လုံလုံလောက်လောက် ထုတ်လုပ်ပေးနိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံတော်၏ သံနှင့်သံမဏိ လိုအပ်ချက် မြင့်မားနေချိန်တွင် ယခုစက်ရုံမှ ထုတ်လုပ်သော သံရိုင်းတုံးမှတစ်ဆင့် သံမဏိသို့ အဆင့်ဆင့် ထုတ်လုပ်သွားနိုင်မည်ဖြစ်သည့်အတွက် နိုင်ငံတော်၏ လိုလားချက်ကို များစွာဖြည့်ဆည်းပေးနိုင်မည့် စက်ရုံကြီးဖြစ်ကြောင်း၊ ပင်းပက်သံမဏိစက်ရုံသည် ရှမ်းပြည်နယ်၏ ဒေသတွင်းသံမဏိ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဖြစ်ပြီး ပြည်နယ်တွင်း စက်မှုကဏ္ဍ၊ လူမှုရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရုံ သာမက အလုပ်အကိုင်အခွင့်အလမ်းများလည်း များစွာပေးအပ်နိုင်မည် ဖြစ်ကြောင်း၊ ဆက်လက် လုပ်ဆောင်ရန် ကျန်ရှိသော အလုပ်ရုံ နှစ်ရုံဖြစ်သည့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံနှင့် ရိုးမက်အလုပ်ရုံကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ထို့နောက် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက စက်ပစ္စည်းများ စမ်းသပ်လည်ပတ်ရာတွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် စံချိန်စံညွှန်းပြည့်မီရေးကို အထူးဂရုပြုရန်လိုကြောင်း၊ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းကြီး အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းသည် ရုရှား - မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှု မှတ်တိုင်တစ်ခု ဖြစ်ကြောင်း ပြောကြားသည်။

 

အခမ်းအနား အပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း ခင်းကျင်းပြသထားသော အမှတ် (၂) သံမဏိ စက်ရုံ(ပင်းပက်) တည်ဆောက်မှု သမိုင်းမှတ်တမ်း ဓာတ်ပုံများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)