၁၉  နိုဝင်ဘာ       

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနအနေဖြင့်  ရှမ်းပြည်နယ် ၊ တောင်ပိုင်း မြို့နယ်များရှိ တိုင်းရင်းသားလူငယ်များအတွက်  အသက်မွေးဝမ်းကျောင်းပြုနိုင်မည့် သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးနိုင်ရေး  ရည်ရွယ်၍  ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်နှင့်စက်ပြင်သင်တန်း နှင့် လက်ကိုင်ဖုန်းပြင် သင်တန်းများ ဖွင့်လှစ် သင်ကြားပေးရန် ဆောင်ရွက်ထားသည့်  နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း (အောင်ပန်း)သို့   ဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးတင်မောင်မြင့်သည်  ယနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်က  (၄)ထပ် အလုပ်ရုံ စာသင်ခန်းမ ၊ (၃) ထပ် သင်တန်းသား အိပ်ဆောင်  ၊ (၄)ခန်းတွဲ (၃)ထပ် ဝန်ထမ်းအိမ်ရာ ၊ စတိုဆောင်နှင့် ထမင်း ချက်ဆောင်တို့ အသင့်ပြင်ဆင်ထားမှု အခြေအနေများနှင့် သင်တန်းအလိုက် သင်ထောက်ကူ ပစ္စည်းများ ၊ လက်တွေ့ခန်းသုံးပစ္စည်းများဖြင့်  သင်ကြားပေးရန်  ဆောင်ရွက်ထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး  Covid-19  ကာလအလွန် သင်တန်းကျောင်း  ဖွင့်ပွဲပြုလုပ်၍  သင်တန်းများ ဖွင့်လှစ်နိုင်ရေး လိုအပ်သည်များ စီမံဆောင်ရွက်ပေးခဲ့သည်။

 

mdn

 

Covid-19 ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ပြီး  သင်တန်းများ ဖွင့်လှစ်ရန် ခွင့်ပြုမိန့်များ ရရှိသည်နှင့်  အသက်မွေး ဝမ်းကျောင်း  သင်တန်းများ ပြန်လည် ဖွင့်လှစ်မည့် စက်မှုလက်မှု သင်တန်းကျောင်း (၈) ကျောင်းတို့တွင်  ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားပြီးဖြစ်ကြောင်း နှင့်  ဖွင့်လှစ်ပြီး စက်မှုလက်မှု သင်တန်းကျောင်းတို့မှ ယနေ့ထိ (၅၅၀၄) ဦး သင်တန်းဆင်းပေးနိုင်ခဲ့ပြီး   အလုပ်အကိုင်ရရှိသူ (၂၁၈၇) ဦး ရှိသဖြင့်  ရာခိုင်နှုန်းအားဖြင့် (၃၉.၇၃%) အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ခဲ့၍ ယခု အောင်ပန်း စက်မှုလက်မှုသင်တန်းကျောင်း ဖွင့်လှစ်နိုင်ပါက ရှမ်းပြည်နယ်၊ တောင်ပိုင်းမှ တိုင်းရင်းသားများအတွက် အလုပ်အကိုင်များ  ပိုမိုဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။

 

အလားတူ  အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (၄၆) ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယနေ့အထိ အိမ်တွင်းမှုသင်တန်းသူ (၉၁၂၀၆) ဦးနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းသား/သူ (၆၀ဝ) ဦး၊ စုစုပေါင်း (၉၁၈၀၆) ဦး  သင်တန်းဆင်းပေးနိုင်ခဲ့ပြီး   အလုပ်အကိုင်ရရှိသူ (၄၁၂၁၅) ဦးရှိသဖြင့်  ရာခိုင်နှုန်း အားဖြင့် (၄၄.၉၀%) အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ခဲ့သည်။

 

ထို့သို့ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ခဲ့ခြင်းအားဖြင့်  နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် Technical and Vocational Education and Training (TVET) နည်းပညာနှင့်သက်မွေးပညာရေးနှင့်လေ့ကျင့်ရေး လုပ်ငန်းစဉ်များ ပိုမိုအောင်မြင်မှု  ရရှိစေမည်ဖြစ်ပြီး   လူမူစီးပွားဘဝ  မြှင့်တင်ပေးနိုင်ရေး အထောက်အကူပြုလျက်ရှိကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)